
အလယ်ပိုင်းဒေသ စစ်မျက်နှာမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ရွှေဘို မိုးကြိုးမုန်တိုင်းတပ်ဖွဲ့အတွက် လိုအပ်နေတဲ့ သေနတ်တလက် ဝယ်ယူပေးဖို့ ANTS fundraising team က ကြိုးပမ်းနေပြီး လိုအပ်တဲ့ပမာဏ ပြည့်မီနိုင်ဖို့အတွက် “ဓာတ်ပြားဓာတ်စက် အညာအတွက်” လို့ အမည်ပေးထားတဲ့ မဲလက်မှတ်ရောင်းချတဲ့ကမ်ပိန်း ပြုလုပ်နေပါတယ်။
မဲကို ဇန်နဝါရီ ၂၈ ရက်က စတင်ရောင်းချခဲ့တာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၃၁ ရက်ဆိုရင် မဲရောင်းချတာ ၄ ရက်ကြာမြင့်ပြီလို့ ANTS fundraising team ရဲ့ နွေဦးလက်မှတ်ဗျူရို တာဝန်ခံ မောင်လစ်က ဆိုပါတယ်။
“မဲတစောင်ကို ၃,၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ မဲလက်မှတ်တွေကိုတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ပြည်သူတွေ ပိုပြီးပါဝင်နိုင်အောင် လစာထုတ်ရက်နဲ့ တိုက်အောင်လည်း စီစဉ်ထားပါတယ်။”
အခုလို မဲရောင်းချရတဲ့ ရည်ရွယ်ချက်ဟာ အလယ်ပိုင်းဒေသမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့အတွက် သေနတ်တလက် ဝယ်ယူပေးဖို့ ဖြစ်တယ်လို့ မောင်လစ်က ဆိုပါတယ်။
“ကမ်ပိန်းစတုန်းကတော့ တစောင် ၃,၀၀၀ နဲ့ အစောင်ရေ ၂,၀၀၀ လောက်ထိ ရောင်းချဖို့ မျှော်လင့်ထားတယ်။ ဒါမှလည်း သေနတ်ဖိုးလိုနေတဲ့ သိန်း ၆၀ က ပြည့်မှာမလို့ပါ။ အခုတော့ မဲရောင်းအားက တော်တော်နည်းနေပါသေးတယ်။”
ရွှေဘိုနယ်တဝိုက်ဟာ အာဏာသိမ်းကာလ အစောပိုင်းကတည်းက စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသူတွေဖြစ်ပြီး လက်နက်ကိုင်တော်လှန်တဲ့ နေရာမှာလည်း ရှိသမျှ လက်ဝတ်ရတနာတွေ ချွတ်ရောင်းပြီး တော်လှန်ခဲ့ကြတာဖြစ်တယ်လို့ ရွှေဘိုဒေသခံတဦးက ပြောပါတယ်။