
တနင်္သာရီတိုင်းမှာ ၁ လအတွင်း WYစိတ်ကြွမူးယစ်ဆေးဝါးတွေအပြင် တခြားမူးယစ်ဆေးဝါးတွေနဲ့ လူ ၁၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ရဲတပ်ဖွဲ့ CCDAC Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၃၇၄,၇၀၀ ခန့်ရှိတယ်လို့ သိရပြီး တခြားမူးယစ်ဆေးဝါး အမျိုးအစား အပါအဝင် လူ ၁၆ ဦးကို မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်မြို့ဒေသခံတဦးက “ဖမ်းဆီးတာတွေ နည်းနေသေးတယ်။ မူးယစ်ဆေးဝါးက ရောင်းနေတဲ့လူတွေကတော့ အများကြီးပဲ။ တချို့ရပ်ကွက်မှာဆို ပေါ်ပေါ်ထင်ထင် ရောင်းနေကြတဲ့လူတွေလည်း ရှိတယ်။ ဒီလူတွေဆို ဌာနဆိုင်ရာတွေနဲ့ အဆင်ပြေနေကြတာ။ ဖမ်းမိရင်လည်း ငွေနိုင်ရင် ပြန်လွတ်လာတဲ့လူတချို့လည်း ရှိတယ်။ တခါဖမ်းမိရင်လည်း ထပ်မလုပ်တော့တာ မဟုတ်ဘူး။ တချို့ဆို ပြန်လွတ်လာတာ သိပ်မကြာဘူး၊ ထပ်လုပ်ကြတာပဲ” လို့ ပြောပါတယ်။
ဇန်နဝါရီလအတွင်း မြိတ်မြို့မှာ ၁၀ ဦး ဖမ်းဆီးခံရပြီး ကော့သောင်းမြို့မှာ ၃ ဦးနဲ့ ထားဝယ်မြို့မှာ ၃ ဦး ဖမ်းဆီးခံရကာ အဆိုပါ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် အရေးယူ ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်နဲ့ ကော့သောင်းခရိုင်တွေမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကရောင်းဝယ်တာတွေ မလုပ်ဖို့ သတိပေး တားမြစ်ထားပြီးနောက် ဆက်လက်ရောင်းဝယ်သူတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။