DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုနှစ်တွင် မြန်မာ့ GDP ၃ ရာခိုင်နှုန်း တိုးတက်နိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
DVB
·
January 31, 2023
၂၀၂၃ ခုနှစ်တွင် မြန်မာ့ GDP ၃ ရာခိုင်နှုန်း တိုးတက်နိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)တိုးတက်နှုန်းဟာ ၂၀၂၂ ခုနှစ်မှာ ၃ ရာခိုင်နှုန်းရှိပြီး  ၂၀၂၃ ခုနှစ်မှာလည်း  ၃ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။   

ဒါပေမဲ့ သွင်းအားစုရှားပါးမှုနဲ့ ဝယ်လိုအားနည်းမှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ လူတဦးချင်း GDP က ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့နည်းနေဦးမယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် စီးပွားရေးမရောရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှစ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကာလတို စီးပွားရေး ပြန်လည်သက်ဝင်လာနိုင်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်းနဲ့ ၂၀၂၃ အလွန်မှာတော့ မသေချာမရေရာမှု အခြေအနေ မြင့်တက်နေတာကြောင့် မခန့်မှန်းနိုင်ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေမှာ မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာပေမဲ့ နိုင်ငံခြားငွေကြေး ပြတ်တောက်မှုတွေနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်တွေ ဆက်လက်ရှိနေဆဲဖြစ်တာဟာ သွင်းကုန်တင်သွင်းနိုင်မှုကို အကန့်အသတ် ဖြစ်စေတယ်လို့ ဆိုပါတယ်။ တပြိုင်နက်တည်းမှာပဲ ကုန်တင်ပို့မှုကရတဲ့ နိုင်ငံခြားငွေကို မြန်မာငွေ မဖြစ်မနေ ပြောင်းလဲရမယ်ဆိုတဲ့ သတ်မှတ်ချက်က ပြည်ပပို့ကုန်သမားတွေအတွက် အခွန်အမြောက်အမြား ပေးဆောင်ရသလို ဖြစ်စေပြီး နိုင်ငံတကာဈေးကွက်မှာ လုပ်ငန်းပြိုင်ဆိုင်နိုင်စွမ်း လျော့ကျစေတယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ထောက်ပြပါတယ်။

နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒကို ပြောင်းလဲလိုက်တာက ငွေလဲလှယ်နှုန်း အမျိုးမျိုး ဖြစ်ပေါ်လာစေပြီး ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်ပေါ်လာစေတယ်လို့လည်း ဝေဖန်ထောက်ပြထားပါတယ်။

မြန်မာ့သမိုင်းတလျှောက်မှာလည်း အလားတူ မူဝါဒမျိုးက ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်စေတာ၊ ဘဏ္ဍာရေးလိုငွေ ကြီးမားလာတာ၊ အဲဒီလိုငွေကို ဗဟိုဘဏ်က ဖြည့်တင်းထောက်ပံ့ပေးရတာ၊ ပို့ကုန်အားနည်းသွားစေတာနဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးစေတာ စတဲ့ရလဒ်တွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံခြားငွေကြေး ဝယ်ယူဖို့၊ ထုတ်ယူဖို့နဲ့ ပြည်ပငွေပေးချေမှုတွေ ပြုလုပ်ဖို့၊ သွင်းကုန်လိုင်စင်ရရှိဖို့တို့အတွက် အခက်အခဲတွေ ရှိနေရုံသာမက နည်းပါးလှတဲ့ ပြည်တွင်းဝယ်လိုအား၊ မြင့်တက်လာနေတဲ့ သွင်းအားစုစရိတ်တွေအကြား အကျိုးအမြတ် ဖြစ်ထွန်းနိုင်ဖို့ ရုန်းကန်နေကြရတယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးအခြေအနေတွေကြောင့် ကုန်သွယ်မှုကို ထိခိုက်စေပြီး ကုန်စည် ပို့ဆောင်နိုင်မှုကို အဟန့်အတားဖြစ်စေရုံသာမက လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာခဲ့တာကြောင့် ဇန်နဝါရီကနေ ဧပြီလအတွင်း ခြောက်သွေ့ရာသီမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ပိုမိုကျဆင်းလာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကလည်း ပဋိပက္ခ ပိုမိုဆိုးရွားလာနိုင်ခြေ ရှိတာကြောင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ယုံကြည်မှုအပေါ် ဖိအားဖြစ်စေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ သာမန်စာရင်းလိုငွေ (Current account deficit) နဲ့ ဘဏ္ဍာရေးလိုငွေ (Fiscal deficit) တို့ကိုတော့ ပို့ကုန်ဝယ်လိုအား နည်းလာမှုနဲ့ စွမ်းအင်ကနေ အခွန်ရရှိငွေတွေ ကျဆင်းလာတာကြောင့် ဆက်လက်ကြီးမားလာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

မြန်မာ့နိုင်ငံရဲ့ နှစ်အလိုက် ပျဉ်းမျှ ငွေကြေးဖောင်းပွနှုန်းကိုတော့ ကမ္ဘာ့ဘဏ်က ၂၀၂၂ ဘဏ္ဍာနှစ်မှာ ၁၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ စက်တင်ဘာ ၂၀၂၃ ဘဏ္ဍာနှစ်မှာ ၇ ရာခိုင်နှုန်းအထိ လျော့ကျလာမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလအတွင်း ဘဏ္ဍာရေးလိုငွေ နည်းသွားခဲ့ပေမဲ့ ပြည်သူ့ကြွေးမြီဟာ GDP ရဲ့ ၆၀ ရာခိုင်နှုန်းအထက်ထိ မြင့်တက်သွားမယ်လို့ ခန့်မှန်းထားပြီး အခွန်ကောက်ခံနိုင်မှု တိုးတက်လာတာ၊ အသုံးစရိတ် လျော့နည်းတာကြောင့် ဘဏ္ဍာလိုငွေဟာ ၂၀၂၁ ဘဏ္ဍာနှစ်မှာ GDP ရဲ့ ၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၄ ဒသမ ၇ ရာခိုင်နှုန်းကို ကျဆင်းလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013