Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်နှင့် ပျူစောထီးအတွက် ထမင်းဟင်းပို့ရန် ရွာသားများကို စစ်ကောင်စီ အဓမ္မခိုင်းစေ
DVB
·
January 31, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လယ်လှကျေးရွာနဲ့ ကံပေါက်ကျေးရွာမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စားဖို့ ထမင်းဟင်း ချက်ပြုတ် ပို့ဆောင်ပေးရမယ်လို့ ဒေသခံတွေကို အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

ခြေမြန်တပ်ရင်း ခမရ ၃၆၈ တပ်နဲ့ ပျူစောထီးတွေဟာ ဒေသခံတွေကို ရွာအပြင်မထွက်ခိုင်းစေဘဲ သူတို့ကို ထမင်းဟင်း ချက်ပြုတ် ပို့ဆောင်ပေးရမှာဖြစ်ကြောင်း ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကံပေါက်ကျေးရွာ ဒေသခံတဦးက “ရွာမှာ ခမရ ၃၆၈ တပ်နဲ့ ပျူစောထီးအဖွဲ့က တပ်စွဲနေတာ ကြာပြီ။ ရွာပြင်လည်း ပေးမထွက်ဘူး။ ခုနောက်ပိုင်း နေအိမ်တွေကနေ ထမင်းဟင်း ချက်ပို့ရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်။ နောက်ပြီး ပျူစောထီးသင်တန်းတက်ရမယ် ဆိုပြီးလည်း သတင်းထွက်နေတယ်” လို့ ပြောပါတယ်။

ခြေမြန်တပ်ရင်း ၃၆၈ နဲ့ ပျူစောထီးအဖွဲ့ဟာ လယ်လှကျေးရွာနဲ့ ကံပေါက်ကျေးရွာမှာ အထိုင်ချပြီး ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတာပါ။

ခြေမြန်တပ်ရင်း ၃၆၈ နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ဟာ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက ကန့်ဘလူမြို့နယ် တောင်ယာဆိပ်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မီးရှို့မှုကြောင့် သရက်တောကျေးရွာက နေအိမ်အလုံး ၃၀ ကျော်၊ အောင်ရန်ကင်းကျေးရွာက နေအိမ် အလုံး ၅၀ ကျော်၊ မြင်သာဦးကျေးရွာက နေအိမ် ၂၀ ကျော်နဲ့ တောင်ယာဆိပ်ကျေးရွာက နေအိမ် အလုံး ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024