DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းမှု ၂ နှစ်အတွင်း ပါတီဝင် ၈၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ဟု NLD ထုတ်ပြန်
DVB
·
January 31, 2023
အာဏာသိမ်းမှု ၂ နှစ်အတွင်း ပါတီဝင် ၈၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ဟု NLD ထုတ်ပြန်
Donate to DVB

အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်အပါအဝင် NLD ပါတီဝင် ၈၄ ယောက်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ NLD လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့က ဇန်နဝါရီ ၂၉ ရက်နေ့မှာ, ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီက လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားသူ ၉၈၀၀ ကျော်ရှိနေပြီး အဲ့ဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် အယောက် ၈၀ အပါအဝင် NLD ပါတီဝင် ၁၂၃၂ ယောက် ပါဝင်နေတယ်လို့ NLD-HRDT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်တာခံခဲ့ရတဲ့ ပြည်သူတွေ၊ NLD ပါတီဝင်တွေအတွက်နဲ့ ဖမ်းဆီးခံခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်ဖယ်ရှားရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

“ဒီလိုအချိန်မှာ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လည်လွတ်မြောက်ဖို့နဲ့ ပြည်သူတွေရဲ့ဆန္ဒမဲပြားကို လက်နက်အားကိုးနဲ့ ဖျက်ဆီးပစ်တတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ပဲ ကျနော်တို့ တစိုက်မတ်မတ်လုပ်သွားမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အခင်းအကျင်းတွေမှာ ပါဝင်ဆောင်ရွက်မှာမဟုတ်ပါဘူး။"

တော်လှန်ရေး ၂ နှစ်တာကာလအတွင်း သူတို့ကို ဆန့်ကျင်သူတွေရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ယောက်အထိရှိခဲ့ပြီး အဲ့ဒီအထဲမှာ NLD လွှတ်တော်ကိုယ်စားလယ် ၂၀၆ ယောက်၊ NLD ပါတီဝင် ၃၇၁ ယောက်၊ စုစုပေါင်း ၅၇၇ ယောက် ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ NLD-HRDT က ဖော်ပြပါတယ်။ 

စစ်ကောင်စီဟာ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ပြန်လည်ရောင်းချဖို့ လေလံတင်တာတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

"ကျနော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး အသီးသီးရဲ့ တိုက်တာအိမ်ခြေတွေကို ဥပဒေမဲ့သိမ်းဆည်းတယ်။ ပြီးတော့ သိမ်းဆည်းရုံတင်မကဘဲ ပြန်လည်ရောင်းချတယ်ဆိုတာ တကယ်ရော ဥပဒေနဲ့ညီရဲ့လားပေါ့နော်။ ဥပဒေနဲ့မညီဘဲ မတရားမှုလုပ်တယ်ဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်လားပေါ့နော်။ ဒါတွေလည်း ကျနော်တို့ စိတ်မကောင်းဘူး။ သူတို့ရဲ့မတရားလုပ်မှုတွေကို တနိုင်ငံလုံးက ခါးစည်းခံနေရတာ ဒါတွေကိုလည်း ကျနော်တို့ လုံးဝကန့်ကွက်ပါတယ်။ ပြည်သူပြည်သားတွေအားလုံးကလည်း ဒါတွေဟာ မတရားမှုမှန်း သိရှိခံစားနားလည်နိုင်ကြမှာပါ။"

NLD ပါတီရုံးချုပ် အပါအဝင် တိုင်း၊ ခရိုင်၊ ရပ်ကျေးရုံးတွေကို ကျူးကျော်ဝင်ရောက်ဖျက်ဆီးတာ၊ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်တာတွေကို  စစ်ကောင်စီက အကြိမ်ပေါင်း၁၂၀ အထိ ပြုလုပ်ခဲ့တယ်လို့  NLD-HRDT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့အတွက် အာဆီယံအပါအဝင် နိုင်ငံတကာက ထိထိရောက်ရောက် အကူအညီပေးကြဖို့လည်း NLD-HRDT က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013