DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပရှိ CDM ဆင်ထိန်းမိသားစုများ စားဝတ်နေရေးခက်ခဲနေ
DVB
·
January 31, 2023
အလောင်းတော်ကဿပရှိ CDM ဆင်ထိန်းမိသားစုများ စားဝတ်နေရေးခက်ခဲနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ထဲက ဆင်ထိန်းသမား မိသားစုဝင်တွေ စာဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ ဆင်ထိန်းမိသားစုဝင်တွေဟာ အိမ်ထောင်စု ၃၃ စုနဲ့ လူဦးရေ ၁၀၀ ကျော်ရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စာဝတ်နေရေး ခက်ခဲနေတာကို ဆင်ထိန်းတဦးက “ဆင်သမားတွေ CDM လုပ်တော့ ဆင်တွေလည်း CDM ဆင်တွေ ဖြစ်သွားရပါတယ်။ ကျနော်တို့ ဆင်သမားတွေကြတော့ တခြားဌာနတွေလို CDM လုပ်ပြီး ဖုတ်ဖက်ခါထသွားလို့ မရဘူးဗျ။ ဒီဆင်လေးတွေအပေါ် သံယောဇဉ်က ဖြတ်မရဘူး။ ဒီအတိုင်း ပစ်ထားခဲ့လိုက်ရင်လည်း အရိုင်းစိတ်တွေ ဝင်ကုန်သွားမယ်။ ခေတ်ကောင်းစဉ်က ကျနော်တို့က ဆင်တွေဆီကလည်း စားခဲ့သောက်ခဲ့ကြရတယ်လေ။ ခုခါ ခေတ်မကောင်းမှ သူတို့ကို ပစ်ထားခဲ့ကြရမယ်ဆိုရင် ကျနော်တို့ လူမဆန်ရာ ကျသွားမှာပေါ့။ ဒါကြောင့် ကျနော်တို့တွေဟာ နေရပ်ကို မပြန်တော့ဘဲ ဆင်တွေနဲ့အတူ တောထဲမှာပဲနေရင်း တော်လှန်ရေး လုပ်နေကြတော့တာ” လို့ ပြောပါတယ်။

အခုလက်ရှိ ဆင်အကြီး ၃၇ ကောင်ရှိပြီး ထပ်ပြီးမျိုးပွားထားတဲ့ အကောင်နဲ့ဆိုရင် ဆင်အကောင်ရေ ၄၂ ကောင်အထိ ရှိနေတယ်လို့ ဆင်ထိန်းတွေဆီကနေ သိရပါတယ်။

ဆင်ထိန်းတွေတည်ရှိတဲ့ နေရာဟာ ပွင့်လင်းရာသီဖြစ်တဲ့ ‌သီတင်းကျွတ်လကနေ တပို့တွဲလပိုင်းအထိ သွားရေးလာရေး အဆင်ပြေပြီး မိုးရာသီမှာ သွားရတာ အဆင်မပြေသလို နွေရာသီရောက်ရင်လည်း တောမီးလောင်တာတွေ ရှိတာကြောင့် သွားလာရတာ အဆင်မပြေနိုင်ဘူးလို့လည်း သိရပါတယ်။

ကနီကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ကျောက်လုံးကြီးတပ်ရင်းအနေနဲ့ကတော့ ဆင်မိသားစုတွေကို လှူဒါန်းတာ ဒါနဲ့ဆိုရင် သုံးကြိမ်အထိရှိနေပြီဗျ။ တခြား TMD Kani ဆေးအဖွဲ့လည်း ကူညီပေးတာတွေ ရှိတယ်။ ဒီလို သွားရေးလာရေးကောင်းတဲ့အချိန်မှာ သူတို့အတွက်ကို များများလှူဒါန်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ လိုအပ်ချက်ကတော့ သူတို့အတွက် အများကြီးပဲ။ ဆေးဝါးတွေလည်းမရှိဘူး။ မိသားစုကလည်းများတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့ ပိုဆိုးတာပေါ့။ ကျနော်တို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဆန်အိတ် ၆၀ နီးပါးနဲ့ ငွေသိန်း ၁၀၀ ကျော် လှူဒါန်းခဲ့တယ်ဗျ။ ပထမအကြိမ်က ဆန်အိတ် ၄၀ နီးပါးနဲ့ ဒုတိယအကြိမ်မှာ ဆန်အိတ် ၅၀ ကျော်နဲ့ ငွေ ၃၁ သိန်း လှူဒါန်းတယ်။ ကနီဆေးအဖွဲ့ကလည်း ၁၆ သိန်းခွဲ လှူဒါန်းခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု စာဝတ်နေရေး ခက်ခဲနေတဲ့ ဆင်ထိန်းမိသားစုဝင်တွေနဲ့ ဆင်တွေဟာ စစ်ကောင်စီ အာဏာမသိမ်းခင် နယ်‌မြေအေးချမ်းစဥ်က အလောင်းတော်ကဿပ ဘုရားဖူးလာပြည်သူတွေကို ဘုရားကျောင်းတော်ဆီ သယ်ဆောင်ပေးပြီး ရရှိလာတဲ့ ငွေကြေးတွေနဲ့ ဆင်မိသားစုနဲ့ ဆင်ထိန်းမိသားစုတွေ စားဝတ်နေရေး ရပ်တည်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013