ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မြို့ထဲကို ဆက်တိုက်ပစ်ခတ်လို့ မြို့နေလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က ထွေအုပ်ရုံးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သစ်စက်ကုန်းရပ်ကွက်နဲ့ ရပ်ကွက် ၄ တို့မှာ လက်နက်ကြီးကျခဲ့ပြီး သစ်စက်ကုန်းမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လူနေရပ်ကွက်ထဲ ပစ်ခတ်လို့ နေအိမ်တလုံး ခေါင်မိုးပျက်စီးသွားပြီး ပြည်သူနှစ်ဦးလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ပွားနိုင်လို့ မြို့နေလူထု အတော်တော်များများ ထွက်ပြေးတိမ်းရှောင်ကုန်တယ်လို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတဦးက ပြောပါတယ်။
“စကစတပ်တွေက ၃ ရက်ဆက်တိုက် လက်နက်ကြီး၊ ငယ် မြို့ထဲမှာ လျှောက်ပစ်နေတယ်။ ဒီမနက် သူများရွှေ့ခိုင်းတယ် သတင်းကြားလို့ ရွှေ့လိုက်တာပါ။ ၁၃ မိုင် (သံတောင်မြို့) မှာ တမြို့လုံးနီးပါး ရွှေ့ကုန်ပြီ။ နီးစပ်ရာဆွေမျိုးရှိတဲ့နေရာ။”
မြိုခံလူထုတွေဟာ တောင်ငူ၊ ပျားစခန်း အစရှိတဲ့ ဆွေမျိုးတွေရှိရာဆီကို ရွှေ့ပြောင်းနေကြပြီး မြို့ထဲမှာ လူအနည်းငယ်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို သံတောင်မြို့ဘက်လူတွေ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ တောင်ငူမြို့မှာလည်း စစ်တပ်အင်အား အများအပြားနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံလူထုတွေက ပြောပါတယ်။
သံတောင်မြို့ဟာ ပဲခူးတိုင်း၊ တောင်ငူမြို့ကနေ ကရင်ပြည်နယ် သံတောင်ကြီးမြို့ကြားမှာ တည်ရှိပြီး ကရင်လူမျိုးနဲ့ ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်တဲ့မြို့ ဖြစ်ပါတယ်။