Home
မြန်မာသတင်း
ကြံ့ခိုင်ရေးတပါတီအာဏာရှင်ဖြစ်ရေး လုပ်ဆောင်နေသည့်အပေါ် မဟာမိတ်ပါတီများ ဝေဖန်
DVB
·
January 30, 2023

ကြံ့ခိုင်ရေးပါတီ တပါတီတည်းသာ နိုင်ငံရေးမှာဦးဆောင်နိုင်ဖို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းပေးလိုက်တာဖြစ်ပြီး ဒီဥပဒေကြောင့်ပဲ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ် ဆက်ဆံရေးဟာလည်း ပြိုကွဲသွားနိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ မဟာမိတ်ပါတီတွေက ဝေဖန် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မဟာမိတ်ပါတီတွေက ဝေဖန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာကို မလိုလားတာကြောင့် စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေကြပေမဲ့ စစ်တပ်ကသော်လည်းကောင်း၊ တစ်ပါတီတည်းကသော်လည်းကောင်း တိုင်းပြည်အာဏာကို ဆက်ချုပ်ကိုင်ထားတာကို မလိုလားဘူးလို့လည်း မဟာမိတ်ပါတီတွေက ပြောဆိုလာကြပါတယ်။

အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေအတွက် ပြင်းထန်လွန်းပြီး ပါတီ အင်အားရှိတယ်ဆိုရင်တောင် လက်ရှိနိုင်ငံရေးအခြေအနေအရ ဥပဒေပါသတ်မှတ်ချက်ပြည့်မီဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

“နိုင်ငံရဲ့ အခြေအနေမှန်ကို မသိဘူးလို့ ကျနော် ထင်ပါတယ်။ နိုင်ငံရဲ့အခြေအနေမှန်ကို သိရင် ဒီလိုတွေ မလုပ်ဆောင်ပါဘူး။ ရွေးကောက်ပွဲ နီးလာပြီဆိုရင်‌တော့ မဟာမိတ်က မရှိတော့ပါဘူး။ သူ့လမ်း သူလျှောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်ဆိုပေမဲ့ ပြည်ခိုင်ဖြိုး တခုတည်းအတွက်ကိုပဲ တပ်မတော်က လုပ်ပေးနေရင်တော့ နိုင်ငံရေးပါတီတွေက တော်တော်လေး သူတို့အပေါ် ငြိုငြင်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ တိုင်းပြည်မှာ စစ်တပ်က လုပ်ချင်တိုင်း လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကျနော်တို့ကလည်း အဲဒီအတွက် ကျားကုတ်ကျားခဲ တောင့်ခံနေတာ။ ချစ်လွန်းလို့တော့ မဟုတ်ဘူးပေါ့ဗျာ။ အခုအချိန်မှာ လူ တသိန်း စည်းရုံးဖို့ဆိုတာ တော်တော်လေးခက်တယ်။ ပါတီဝင်ဖို့ ပါတီထဲကို လာပါဆိုတဲ့ အသံကြားရင် သေဒဏ်ကျတယ်လို့ လူတွေက ထင်နေတယ်။”

စစ်ခေါင်းဆောင်အမိန့်နဲ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ တစ်နိုင်ငံလုံးကိုစည်းရုံးမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား အနည်းဆုံး ၁ သိန်း ရှိရမှာဖြစ်ပြီး ပါတီရံပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ရက်ပေါင်း ၁၈၀ အတွင်းမှာ တစ် နိုင်ငံလုံးမြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်းဖွင့်ရမယ်လို့လည်းပါရှိပါတယ်။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်စည်းရုံးမယ့်ပါတီတွေအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား အနည်း ဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရံပုံငွေ ကျပ်သိန်း ၁၀၀ ရှိမယ့်အပြင် ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ် ငါး မြို့နယ်မှာ ပါတီ ရုံးခန်းဖွင့်ရမယ်လို့ ဆိုပါတယ်။

ဒီသတ်မှတ်ချက်တွေကြောင့် ကြံ့ခိုင်ရေးပါတီတခုတည်းသာ ငွေကြေးသုံးစွဲနိုင်တဲ့အတွက်ကြောင့် ပြည်ထောင်စုအဆင့်ပါတီဖြစ်နိုင်ပြီး ကျန်ပါတီတွေက တိုင်းနဲ့ ပြည်နယ်အဆင့်ပါတီတွေသာဖြစ် သွားမယ့် အခြေအနေဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

“အာဏာသိမ်းတာကို ကျနော်တို့ လက်မခံဘူးဗျ။ နောက်ဆုံး ကာလုံကနေ ထိန်းတယ်ဆိုတာတောင် လက်မခံပါဘူး။ လက်မခံလို့ ကျနော်တို့ ပြောကြတယ်။ ပြောတာ နားမှမထောင်တာဘဲ။ ပြည်သူလူထုကို နိုင်ငံရေးအရ စည်းရုံးတဲ့၊ နိုင်ငံရေးကျင့်စဉ်နဲ့ သွားတဲ့ကိစ္စမှာ ဘုံရပ်တည်ချက်ရှိဖို့တော့ လိုလမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အသက်အန္တရာယ် ခြိမ်းခြောက်တာ၊ ငွေကြေးနဲ့ ဆွယ်တာမျိုးတွေက အားကောင်းမောင်းသန် ဖြစ်နေရင်တော့ fair ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြည်ခိုင်ဖြိုးက တပါတီ လုပ်လိုက်၊ အန်အယ်လ်ဒီက တပါတီ လုပ်လိုက်ပေါ့။ အဲဒီလို ဖြစ်နေတယ်။ သူ့လက်ထက်ရောက် သူလုပ်ချင်တာ လုပ်မယ်၊ ငါ့လက်ထက်ရောက် ငါ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ တိုင်းပြည်ကသွားနေတာ ကျနော်တို့က ဘဝင်မကျတာပါ။ တပါတီကနေပြီး လက်ဝါးကြီးအုပ် ကြီးစိုးနေတာမျိုး၊ တပါတီတည်းက လုပ်ပြီဆိုရင် တပါတီအာဏာရှင် ပုံစံမျိုး ဖြစ်သွားမှာပေါ့။ နှစ်ပေါင်းသုံးဆယ်ကျော်တဲ့အခါကျတော့ တပတ်ပြန်လည်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ တခွန်းတည်းပြောရရင် ကျနော်တို့ ညံ့လို့ ခံရတာပေါ့။ ကျနော်တို့ ညံ့လို့ ခံရတဲ့ကိစ္စကို သူ မတရားလုပ်ပါတယ်ဆိုတဲ့ စကားချည်းထပ်ခါတလဲလဲ ပြောနေလို့ ကျနော်တို့ လွတ်မြောက်လမ်းစဉ်တော့ ပေါ်လာမှာ မဟုတ်ဘူး။”

ကြံ့ခိုင်ရေးပါတီ အပါအဝင် သူရဲ့မဟာမိတ်ပါတီတွေကတော့ စစ်ခေါင်းဆောင်ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအတိုင်း ပါတီမှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေကြပြီး တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ပါတီဖြစ်ဖို့ ပါတီတွေစုပေါင်းပြီး တပါတီတည်းဖြစ်ရေး လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က “သဘောထား တူရာတူရာတွေ စုနိုင်ဖို့ ကျနော်တို့ ကြိုးစားတယ်။ သတ်မှတ်ထားတဲ့ အင်အား၊ သတ်မှတ်ထားတဲ့ ငွေကြေး ဒါတွေကို ရှာပြီး ကျနော်တို့ ပါတီကို တည်ဆောက်တယ်။ အနည်းဆုံး ငါးပါတီ၊ ငါးပါတီ၊ ဆယ်ပါတီပေါ့ဗျာ မှန်ထားတယ်။ ငါးပါတီလောက် ဖြစ်နိုင်ရင် ငါးပါတီလောက် စုပြီးတော့ တပါတီဖြစ်အောင်လို့ ကြိုးစားမယ်လို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။”လို့ပြောပါတယ်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ အတည်မပြုခင်အချိန်ကတည်းက စစ်တပ် ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေက အခုလိုပြင်းထန်တဲ့ကန့်သတ်ချက်တွေမလုပ်ဖို့ တောင်းဆိုတင်ပြခဲ့ပေမယ့် အဲဒီပြောဆိုမှုတွေကိုလျစ်လျူရှုပြီး အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လိုက်တာပါ။ 

အခုလို အတည်ပြုထုတ်ပြန်လိုက်တာကြောင့် တိုင်းရင်းသားပါတီငယ်လေးတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ခက်ခဲသွားပြီး ပါတီမှတ်ပုံတင် ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားတဲ့ ပါတီတွေလည်း ရှိနေပါတယ်။

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ကိုယ့်တိုင်းရင်းသားဒေသတွေမှာ ပါတီရုံးခန်းတွေ ကျနော်တို့ မဖွင့်ချင်ဘူး။ အဲဒါအတွက် အခက်အခဲ ရှိပါတယ်။ ကိုယ့်လူမျိုးအတွက်ပဲ အေးအေးချမ်းချမ်း လုပ်ချင်ပါတယ်။ အဲဒီတော့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါမယ်။ ကျနော်တို့ပါတီက အာဏာရဖို့အတွက် ရည်ရွယ်ချက် မရှိပါဘူး။ ကိုယ့်လူမျိုး နိုင်ငံရေးစင်မြင့်လေးပဲ ကျနော်တို့ ရချင်တယ်။ အခုကတော့ နိုင်ငံရေးနယ်ပယ်ထဲမှာ ကျနော်တို့လူမျိုးတွေ နေရာရရင် တော်ပါပြီ”လို့ပြောပါတယ်။

အခုစစ်တပ်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ တိုင်းရင်းသားပါတီငယ်တွေအပြင် အင်အားကြီးတိုင်းရင်းသားပါတီအတွက်ပါ အခက်အခဲဖြစ်သွားပြီး ရခိုင်အမျိုးသားပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်မလဲဆိုတာကို ဆုံးဖြတ်ချက်မချရသေးပေမယ့် ပါတီဆက်လက်ရပ်တည်ရေးက ခက်ခဲသွားတဲ့ အခြေအနေဖြစ်သွားပြီလို့ ပါတီခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အခုလို တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ လုပ်ဆောင်လိုက်တာဟာ တနိုင်ငံလုံးအဆင့် ပါတီအင်အားကို လျှော့ချလိုက်ပြီး တိုင်းရင်းသားပါတီတွေကို တနိုင်ငံလုံး လွှမ်းခြုံတဲ့ပါတီတွေ ဖြစ်မလာအောင် လုပ်ဆောင်လိုက်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ “၂၀၂၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ မြို့နယ်နေရာစုံမှာ ကျင်းပခဲ့တာမရှိဘူး။ မြို့နယ်အနည်းအကျဉ်းမှာပဲ လုပ်တဲ့အခြေအနေမျိုးပဲ ရှိတယ်။ ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်အပေါ်မှာ စိတ်ဝင်စားမှုက အလွန်နည်းနေမယ်လို့ ကျနော်တို့ သုံးသပ်တယ်။”လို့ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို အပြတ်အသတ်ရှုံးသွားပြီးနောက် စစ်တပ်အာဏာသိမ်းဖို့ တိုက်တွန်းခဲ့ကြတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူကိုထောက်ခံပြီး စစ်တပ်က နိုင်ငံရေးမှာ ထာဝရ အုပ်ချုပ်နိုင်အောင် ပုံဖော်ပေးမယ့် နိုင်ငံရေးပါတီတွေကိုသာ ဆက်လက်ရှင်သန်စေလိုတာကြောင့် အခုလို ဥပဒေပြဋ္ဌာန်းပြီး ထိန်းချုပ်လိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှစိုးဝေက ထောက်ပြပါတယ်။

“ခေါင်းထောင်မလာနိုင်အောင်လို့ တကယ်လို့ သူကြိုက်တဲ့ပါတီမျိုးထဲက ပြန်ရွေးမှာ။ ရွေးမယ် ဆိုတာက အခွင့်အရေးတွေကို နည်းနည်းပါးပါး ဖြေလျှော့ပေးလိုက်မယ်။ မသိချင်ယောင်ဆောင်ပေးလိုက်မယ်။ ဝင်ပြိုင်ခိုင်းလိုက်မယ်။ အဲဒီတော့ သူ မကြိုက်တဲ့သူမျိုး၊ စိတ်ထဲမှာ မယုံရတဲ့သူမျိုးတွေကို  ဒီဥပဒေနဲ့ကိုင်ပြီးတော့ မပါကြနဲ့ သူလုပ်ဖို့ စပြီးလမ်းခင်းလိုက်တာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းနဲ့  ပါတီမှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ 

တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ ပြိုင်ဘက်ပါတီတွေကိုချိုးနှိမ်လိုက်တာဖြစ်ပြီး ခပ်ညံ့ညံ့ ပြိုင်ဘက်တွေပဲကျန်ခဲ့မယ်လို့  ပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024