ဇန်နဝါရီ ၂၉ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၃၂ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ပုလဲမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီရုံးတွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးခဲ့ပြီး ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်မှာတော့ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ကြကာ ညောင်လေးပင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF က ၇၉ မမ ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။