Home
မြန်မာသတင်း
ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ကျေးရွာနေလူထုကို စစ်ရေးသတိပေး၊ ဘုတ်ပြင်းတွင် အုပ်ချုပ်ရေးမှူး တဦး ရှင်းလင်းခံရ
DVB
·
January 29, 2023

တနင်္သာရီတိုင်း၊ ထားဝယ် ထီးခီးကားလမ်းပိုင်းက ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေအတွက် အရေးပေါ် စစ်ရေးအသိပေးချက်ကို ဥသြစစ်ကြောင်းက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတိပေးချက်ထဲမှာတော့ တိုက်ပွဲဖြစ်နေစဉ် ရပ်ရွာနေလူထုကို စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုလေ့ရှိတာကြောင့် တိုက်ပွဲမဖြစ်ပွားမီ ဘေးလွှတ်ရာရှောင်တိမ်းကြဖို့၊ တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်အသံကြားရာနဲ့ စစ်မြေပြင်ကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ တိုက်ပွဲပြီးချိန်မှာလည်း နယ်မြေရှင်းလင်းပြီးကြောင်း ဥသြစစ်ကြောင်းက ထုတ်ပြန်ပြီးမှသာ နေရပ်ကိုပြန်ကြဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အခုသတိပေးချက်ကို ထီးခီးလမ်းပိုင်းက စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ဝကုန်း၊ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ရမ္မဇူ၊ ပခပ်စတဲ့ ကျေးရွာက ပြည်သူတွေ လိုက်နာပူးပေါင်းကြဖို့ ဥသြစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် နေရပ်ကို ပြန်လာတဲ့ ဒေသခံရွာသားတဦး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တခု သင်္ကန်တုံးရွာမှာ ပြီးခဲ့နှစ် ဖြစ်ခဲ့ဖူးပါတယ်။

ဒေသခံတဦးက “မနေ့က (ဇန်နဝါရီလ၂၈) အထိတော့ တိုက်ပွဲပြန်ဖြစ်တာမျိုး မကြားရသေးဘူ။ စစ်တပ်ကတော့ အခုရက်ပိုင်း စစ်ကြောင်းဝင်လာဖို့ ရှိတယ်လို့ကြားရတယ်။ လမ်းပိတ်ပြီး ဆန်သယ်ကားတွေ ဘယ်ဂိတ်မှလည်း ဖြတ်မရတော့ လက်ကျန်ဆန်တွေ ကုန်ရင် ဘယ်လိုစီစဉ်ရမလဲ မသိသေးဘူး” လို့ ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းက ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ဥသြစစ်ကြောင်းက ဇန်နဝါရီ ၂၅ ရက်ကနေ ဇန်နဝါရီလကုန်အထိ မနက် ၅ နာရီမှ ညနေ ၆ နာရီအထိသာ လမ်းပိုင်းအသုံးပြုဖို့ စစ်ရေးသတိပေးချက်တခု ထုတ်ပြန်ခဲ့ပါသေးတယ်။

ဇန်နဝါရီ ၂၄ ရက်မှာလည်း စစ်ကောင်စီနဲ့ကော်သူလေအာမီက ထီးခီးလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်းကြေညာခဲ့ပြီး ကုန်သွယ်ရေးလမ်းကြောင်း လုံးဝပြတ်တောက်နေဆဲဖြစ်ပါတယ်။

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကော့ဗမာကျေးရွာအုပ်စု အေးမြသာရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇန်နဝါရီ ၂၆ ရက် ည ၈ နာရီ ၄၅ မိနစ်မှာ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်အရ ရှင်းလင်းလိုက်ရတာပါ။ ဒီမတိုင်ခင်မှာလည်း အကြိမ်ကြိမ် သတိပေးထားခဲ့ဖူးပါတယ်။ ပျူတွေကိုသင်တန်းတွေပေးပြီး လက်နက်တပ်ဆင်ပေးတယ်။ ကျနော်တို့ တော်လှန်ရေးလမ်းမှာ ဆူးတခုဖြစ်နေလို့ ရှင်းလင်းလိုက်ရတာပါ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီရဲ့ တရာမဝင်ရွေးကောက်ပွဲအတွက် ဒေသခံတွေကို ခြိမ်းခြောက်ပြီး အိမ်ထောင်စုစာရင်း လိုက်လံကောက်ပေးတာ၊ ကျေးရွာအတွင်းရှိ တရားမဝင်လုပ်ငန်းတွေနဲ့ ပျော်ပွဲရွင်ပွဲအကြောင်းပြုပြီး လိုင်းကြေးများ ကောက်တာတွေနဲ့ ပျူစောထီး၊ အရန် မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေကိုစည်းရုံးပြီး ခမရ ၅၉၃ တပ်ရင်းမှာ သင်တန်းပေးဖို့ စီစဉ်နေတာတွေကြောင့် ရှင်းလင်းခဲ့ရတယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူး ဦးရဲမူဟာ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စီးပွားရေးတွေကို ဥပဒေမဲ့လုပ်ကိုင်နေပြီး မီးသတ်ဌာနနဲ့ ပျူစောထီးတွေကို သင်တန်းပေးကာ လက်နက်တွေ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာလည်း ဇန်နဝါရီ ၂၃ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားပြီး မတည်ငြိမ်သေးတာကြောင့် ပြည်သူ့တွေအနေနဲ့ ညဘက်ခရီးသွားခြင်းကို ရှောင်ဖို့၊ စစ်ရေးသတိထားဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ကြေညာထားပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024