Home
မြန်မာသတင်း
ရွာသစ်ရွာနှင့်မြစ်ကူးတံတားကို စစ်တပ်ကမီးရှို့၊ ဒီပဲယင်းစစ်ရှောင် ၁ သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်
DVB
·
January 29, 2023

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၃၀ လောက် ဇန်နဝါရီ ၂၈ ရက် မနက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး နေအိမ် ၆ လုံးနဲ့  မူးမြစ်ကူးတံတားငယ်တစင်းကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒါ ဒုတိယကြိမ်ဗျ။ ပထမတခါလည်း မီးရှို့သွားလို့ ပြန်ပြင်ထားရတယ်။ ဒါကိုပဲ အပြန်မှာ တောသွားတဲ့ အမျိုးသမီး လေးယောက်ဆီက ဖုန်း ၄ လုံးနဲ့ ငွေသားတွေ ဓားပြတိုက်သွားသေးတယ်” လို့ KDKတပ်ဖွဲ့ရဲ့ ပြန်​​ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အခုလို မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွားတကောင် မီးလောင်သေဆုံးပြီး အကောင်ရေ  ၂၀ ခန့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့သလို လယ်ယာသုံး ခုတ်စက်တွေနဲ့ ရေစုပ်စက်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာထဲကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်သွားပြီး စျေးဆိုင်တခုက ကျပ်ငွေ ၃ သိန်းကျော်အပါဝင် ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၆၀ က  ပြည်သူပိုင်နေအိမ်ပေါင်း ၂၉၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူပေါင်း ၁ သောင်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြာရေးက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အ‌ရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝငိရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်း မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ ၂၃ ရက်နေ့က စတင်မီးရှို့ဖျက်ဆီးနေတဲ့အတွက် ကျေးရွာ ၁၅ ရွာလောက်က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အစားအစာနဲ့ဆေးဝါး အကူအညီလိုအပ်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တဦးက ပြောပါတယ်။

"ဇန်နဝါရီ ၂၃ရက်နေ့က စပြီး အုန်းတပင် ရွာအပါအဝင် ကျေးရွာ ငါးရွာကို မီးရှို့တယ်။ အင်အား ၁၅၀ လောက်က အုပ်စုခွဲပြီးရှို့တာ။ အနီးနားက ရွာကလူတွေလည်း ရွာကိုစွန့်ပြီး ထွက်ပြေးကြတာ အားလုံး ၁၅ ရွာလေါက်ရှိတယ်။ အဓိက လိုတာကတော့ အစားအစာ နဲ့ ဆေးဝါးပါပဲ။ အဝတ်အထည်နဲ့ စောင် ရရင်လည်း လိုချင်ပါတယ်။"

စစ်ကောင်စီဆပ် စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့အတွက် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက လက်ယက်ကုန်း၊ မူးကတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ သစ်တုံ၊ မရကန်၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နဘဲလှ စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ၁ သောင်းကျော်ဟာ စစ်ကြောင်း နဲ့ ဝေးရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတာပါ။

ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီအတွင်း စစ်ကောင်စီစစ်ကြောင်း မီးရှို့ခဲ့တဲ့ ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024