
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကျောက်ပျဥ်သာတိုက်နယ်ရှိ ကုက္ကိုကုန်းကျေးရွာကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာကြောင့် ကျေးရွာသားအချို့ခိုက်ဒဏ်ရာရပြီး ထောင်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူ တဦးက “ညနေ ၄ နာရီလောက်မှာ ကျောက်ပျဥ်သာ တိုက်နယ်က ကုက္ကိုကုန်းရွာကို ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်တယ်။ ပစ်ခတ်နေချိန်မှာ နောက်ထပ် ရဟတ်ယာဉ် ၂ စီးက ကုက္ကိုကုန်းရွာကို စစ်သား ၆၀ ဝန်းကျင် လောက်ချပြီး ကုက္ကိုကုန်းရွာထဲကို ၁ နာရီကျော်ကြာ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်" လို့ ပြောပါတယ်။
လေကြောင်းက ပစ်ခတ်နေချိန် ခမရ(၃၆၃)တပ်ရင်းက အင်အား ၅၀ ကျော်နဲ့ ကိုးတောင်ဘို့ ဘက်ကထွက်လာပြီး ကောလင်းဘက်ကို စစ်ကြောင်းထိုးကာ တောင်ဘို့လှရွာထဲ ပစ်ခတ်ဝင်ရောက်လာပြီး စစ်ကြောင်း ၂ ကြောင်းထိုး နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုးစစ်ဆင်လာတာကြောင့် ကုက္ကိုကုန်းရွာ၊ တောင်ဘို့လှရွာနဲ့ အနီးနီးကာ ကျေးရွာဒေသခံတွေ ၃၅၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး (ပအဖ)အဖွဲ့က ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာ ရပ်ကျေး(ပအဖ)နဲ့ မြို့နယ် လူသားချင်းစာနာမှုအဖွဲ့က စီမံစောင့်ရှောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက်နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ၁ ယောက် ဒဏ်ရာရရှိကာ ကုက္ကိုကုန်းရွာသူ ရွာသား တချို့ စစ်တပ်က ဖမ်းဆီးထားပြီး ထိခိုက် ဒဏ်ရာရသူ ထပ်တိုးလာနိုင်တယ်လို့ Kawlin Revolution-KR အဖွဲ့က ထုတ်ပြန်ပါတယ်။
ကောလင်း-ရွှေဘိုလမ်းပိုင်းကြားကို စစ်ကောင်စီစစ်တပ်က ကုက္ကိုကုန်းရွာမှာ အထိုင်ချကာ လမ်းကြော ပိတ်ထားတာကြောင့် ကောလင်းမြို့မှာ ခရီးသည် ၂၀၀ လောက် ပိတ်မိနေကာ ကောလင်းမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့က ထမင်းဟင်းနဲ့ အစားအသောက်စီမံပေးထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။