
ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ်ထဲမှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၁ ယောက်ကို ဖမ်းဆီးညှင်းပန်း သတ်ဖြတ်ခဲ့ပြီး လယ်ဒိုမြို့နယ်က အရပ်သားပြည်သူ ၂ ယောက်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ရက်မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ စကစ-၂၀၇ တပ်ရင်းက ဆောထိမြို့နယ်၊ ဆိတ်ကလေးဆူးတောကျေးရွာက အသက် ၄၀ အရွယ် ကိုကျော်ဇင်လတ်(ခ)ရှမ်းကြီးကို ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ ၃ ရက်ကြာ စစ်ဆေးခဲ့ပြီးနောက် ၂၅ ရက်နေ့မှာတော့ သိမ်ဇရပ်နာရေးကူညီမှုအသင်းကို ခေါ်ယူပြီး သူ့ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေဆီ ပြန်လည်ပို့ဆောင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို ၃ ရက်ကြာ ဖမ်းဆီးစစ်ဆေးချိန်အတွင်း မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးခဲ့ပဲ ရုပ်အလောင်းပြန်ရတဲ့အချိန်မှသာ အသတ်ခံရသူရဲ့ ရုပ်အလောင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်များစွာကို တွေ့ရတယ်လို့ ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကိုကျော်ဇင်လတ် (ခ)ရှမ်းကြီးဟာ ကယ်ရီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းသူဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့က အိမ်ကထွက်ခွာသွားပြီး ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဘက်ကို ကယ်ရီအဖြစ်လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စကစ-၂၀၇ တပ်ရင်းရှေ့က ကွမ်းယာဆိုင်မှာ သူ့ရဲ့အသိ ကွမ်းယာရောင်းသူ အမျိုးသမီးတယောက်နဲ့ တွေ့ဆုံချိန်မှာ အဆိုပါအမျိုးသမီးက ပျောက်သွားတဲ့ သူ့ရဲ့ အမျိုးသားကို ကိုကျော် ဇင်လတ်(ခ)ရှမ်းကြီးက PDF ဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ စွပ်စွဲကာ ရန်ရှာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ကွမ်းယာဆိုင်မှာ ထိုင်နေတဲ့ စကစ-၂၀၇ တပ်ရင်းက တပ်မှူးတယောက်က ကိုကျော်ဇင် လတ်(ခ)ရှမ်းကြီးကို တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက် တရက်တည်းမှာပဲ ဆောထိမြို့နယ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က လယ်ဒိုမြို့နယ်၊ တုံးတံတား ကျေးရွာက အရပ်သားပြည်သူ ၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုလည်း မသိရဘူးလို့ ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အသက် ၃၅ နှစ်အရွယ် စောအယ်ထူးနဲ့ အသက် ၃၀ အရွယ် စောပါချစ်တို့ဖြစ်ကြပြီး လတ်တလောအချိန်အထိ ပြန်မလွတ်လာသေးတဲ့အပြင် သူတို့ရဲ့ အခြေအနေကိုလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။