
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၃ ခုကို စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီ တပ်က ဇန်နဝါရီ ၂၈ ရက် ဒီမနက် ၆ နာရီလောက်မှာ ရွာအသား တချို့ကို ရိုက်နှက် စစ်ဆေးနေတာကြောင့် ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်းကြေးနီစက်ရုံအတွင်းက စစ်သားတွေနဲ့ ရွှေတောင်ဦးဘုရာအနီး အောင်ဇေယျ မြိုသစ်ကနေ စစ်သားတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဒုန်းတော၊ ကံကုန်း၊ ဂုံတော ကံတောရွာ၊ ရွှေလှေရွာ၊ တုံရွာ ဆည်တည်းရွာ၊ ဇီးတောရွာ၊ ဖောင်းကတာရွာတွေ ဘက်ကို ဒီနေ့မနက် သေနတ် ဖောက် ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ကံကုန်းရွာဒေသခံ တဦးက “မနက်အစောကြီးဆိုတော့ ရွာသားအများစု ရှောင်ချိန် မရလိုက်ဘူး။ သူတို့ရောက်လာပြီး ရွာထဲက လူတွေကို သူတို့ဖုန်းထဲမှာပါတဲ့ ဓာတ်ပုံတွေကို ပြပြီးမေးတယ်။ ဒီလူတွေကို သိလား၊ မြင်ဖူးလား အဲဒီလိုတွေ မေးတယ်။ မသိဘူး မမြင်ဖူးဘူးလို့ ပြောရင် ရိုက်နှက်တယ်။ သူ့တိုမေးတဲ့သူတွေက ဒီမြို့နယ်က လူတွေ မဟုတ်ဘူး။ တခြား မြို့နယ် က လူတွေ ဖြစ်မယ်။ မသိလို့ မသိဘူးပြောလည်း ရိုက်တာပဲ” လို့ ဆိုပါတယ်။
အရိုက်ခံရသူအများစုဟာ ကံကုန်းရွာက ဒေသခံတွေနဲ့ ဒုန်းတောကျေးရွာက ပြည်သူ အများစုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသတဝိုက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အကြိမ်ကြိမ် ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။