Home
မြန်မာသတင်း
မြိုင်၊ ပေါက်နှင့်မင်းလှမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံး
DVB
·
January 28, 2023

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ ဇန်နဝါရီ ၂၇ ရက်က စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတယောက်အပါအဝင် ၁၀ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် တဲကြီးရွာမှာ ညအိပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေ မနေ့ မနက် ၇ နာရီ မိနစ် ၄၀ လောက်က နယ်သတ်ရွာဘက်ကို ထွက်လာစဉ် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းပွိုင့် ၃ ပွိုင့်၊ မိုင်း ၁၁ လုံးနဲ့ စတင်တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကားပေါ်တင်သွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းအတွက် မိုင်းရှင်းလင်းနေတဲ့ ခြေလျင် ရှေ့ကင်းထောက်အဖွဲ့ကိုလည်း မနက် ၁၁ နာရီ ကျော်လောက်  နယ်သတ်ရွာ အရှေ့ဘက်မှာ ပဒေသာမိုင်း ၃၇ လုံးပါတဲ့ မိုင်းပွိုင့် ၂ ခုနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ  ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို နယ်သတ်ရွာနဲ့ ကံသစ်ရွာကြားမှာ ညနေ ၃ နာရီလောက်မှာ မိုင်း ၁၇ လုံး၊ ညနေ ၅ နာရီခွဲလောက်က ကံသစ်ရွာအဝင်မှာ မိုင်း ၉ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရရှ်ခဲ့တယ်လို့လည်း ဗိုလ်လက်ယာကပြောပါတယ်။

ဒါ့အပြင် မနေ့ မွန်းလွဲ ၂ နာရီကျော်လောက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ယာကြီးပြင်ပျူစောထီးရွာကနေ Mark-2 ကားအဖြူနဲ့ ပေါက်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီးတယောက်အပါဝင် တပ်သား ၄ ယောက်ကို အုန်းတောရွာနားမှာ စစ်ဆေးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဗိုလ်ကြီးတယောက်နဲ့ အကြပ်တယောက် အခင်းဖြစ်နေရာမှာ သေဆုံးကာ ၂ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီကားပေါ်ကနေ MA3 သေနတ်တလက်၊ ကျည်ဘောက်တခု၊ ကျည် ၆၈ တောင့်၊ ကျည်ကာတထည်၊ အိုင်ကွန် စကားပြောစက်တလုံး သိမ်းဆည်းရရှိခဲ့ပြီး ကားကတော့ မောင်းမရတော့လို့ မီရှို့ဖို့ လုပ်တဲ့အချိန် စစ်ကူတွေလိုက်လာတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို ပေါက်ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ YDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တယောက် ပေါင်နဲ့ ဖနောင့်မှာ သေနတ်ဒဏ်ရာရရှိခဲ့ပေမဲ့ အခြေနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း မင်းလှမြို့နယ်မှာတော့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့  ဇန်နဝါရီ ၂၈ ရက်မှာ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-SMPDF က ထုတ်ပြန်ပါတယ်။

အထက်မင်းလှမြို့နယ် ရှမ်းတပ်နယ်မြေအတွင်းကို အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၂ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ SMPDF ရဲ့ တာဝန်ခံ နဂါးနီက ဒီဗွိဘီကိုပြောပါတယ်။

အထက်မင်းလှ-PDF၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF၊ KEY OF REVOLUTION ပြောက်ကျားတပ်ဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိသွားပြီး ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့ နဂါးနီက ပြောပါတယ်။

မကွေးတိုင်းအတွင်း တိုက်ခံရမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024