
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံ နေအိမ် ၄ လုံးကို မီးရှို့ပစ်ခတ်ဖျက်ဆီးသွားခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၁၀ နာရီက ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၁၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့သလို ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ စစ်ကား ၂ စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ် တစ်လုံးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒေါက်ရပ်ကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတချို့ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် မော်လမြိုင်- ရန်ကုန်ကားလမ်း ၂ နာရီနီးပါး ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ခရီးသွားကား ရာနဲ့ချီ ပိတ်မိခဲ့တယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သလို စစ်တပ် အာဏာသိမ်းပြီးနောက် ကျေးရွာအနီး ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။