
လူမှုကွန်ရက်မှာ လူသိများတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ ကိုအောင်ချမ်းအေးကို ဇန်နဝါရီ ၂၆ ရက်က ကျိုက်ထိုမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်တနှစ် အမိန့်ချလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထိုင်းကနေ ပြည်တွင်းကို အလုပ်ကိစ္စနဲ့ ပြန်လာတဲ့ ကိုအောင်ချမ်းအေးကို ဇန်နဝါရီ ၂၂ ရက်က ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာရှိတဲ့ မိဘနေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“၅၀၅(က) နဲ့ ထောင်ဒဏ်တနှစ် အမိန့်ချလိုက်တာပါ။ ၂ နှစ်ကျတယ်ဆိုတာ မဟုတ်ဘူး။”
လက်ရှိ ထုတ်လုပ်ရောင်းချနေတဲ့ Dream For You ကုန်ပစ္စည်းကို ကြော်ငြာဖို့အတွက် မြန်မာနိုင်ငံကိုပြန်လာစဉ် ကိုအောင်ချမ်းအေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆယ်လီတဦးဖြစ်တဲ့ အောင်ချမ်းအေးဟာ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ Tik Tok တို့မှာ ဘဝသရုပ်ဖော် ဇာတ်လမ်းတိုတွေ၊ ဟာသဇာတ်လမ်းတွေနဲ့ လူကြိုက်များသူတဦး ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်မှာ ဒလန်တွေသတင်းပေးလို့ စစ်ကောင်စီတပ်က CDM ဝန်ထမ်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NLD ပါတီဝင်တွေကို ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။