
စစ်ကောင်စီအနေနဲ့ သွေးခွဲသပ်လျှိုဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေး အထူးသတိပြုဖို့ အလေးအနက်မှာကြားလိုတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး မိန့်ခွန်းမှာ ပြောသွားတာပါ။
သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာလည်း လုံခြုံရေးအစီအမံတွေ ထားရှိစေလိုပြီး အထူးသဖြင့် စစ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ပိုပြီး သတိရှိကြဖို့နဲ့ စစ်ကောင်စီအနေနဲ့ ပိုပြီး ကျပ်တည်းလာလေလေ တော်လှန်ရေးအင်အားစုတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို ပိုပြီး ခြိမ်းခြောက်လာနိုင်လေလေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးကြီးဟာ မကြာခင်မှာပဲ ၂ နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်တဲ့အတွက် ဒီကာလအတွင်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်မှု အများအပြားလည်း ရရှိထားတယ်လို့လည်း မန်းဝင်းခိုင်သန်းက အခုအစည်းအဝေးမှာ ပြောပါတယ်။
အခုအစည်းအဝေးကို ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဗဟိုဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ MOHAI က သတင်းထုတ်ပြန်ထားပါတယ်။