Home
မြန်မာသတင်း
ပါမောက္ခရှောင်တာနယ်ကို အမှုပြန်ရင်ဆိုင်ရန် မြန်မာစစ်အာဏာရှင်က ဆင့်ခေါ်သည့်ကိစ္စ ဩစတြေးလျ စိုးရိမ်
DVB
·
January 27, 2023

ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခမစ္စတာရှောင်တာနယ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာ ပြန်လည်ရုပ်သိမ်းပြီး တရားရုံးမှာပြန်လည်ရင်ဆိုင်ဖို့ မြန်မာစစ်အာဏာရှင်တွေက ဆင့်ခေါ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဩစတြေးလျအစိုးရက အလေးအနက်စိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်က စီးပွားရေးပညာရှင်ပါမောက္ခလည်းဖြစ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလည်းဖြစ်သူ မစ္စတာရှောင်တာနယ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်မှာ ရက်ပေါင်း ၆၅၀ ကြာအောင် ဥပဒေမဲ့ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

စစ်အာဏာရှင်တွေရဲ့ တံခါးပိတ်စစ်ခုံရုံးကနေ မစ္စတာရှောင်တာနယ်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရအပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး အဲဒါဟာသက်သက်မဲ့ အမှုဆင်လုပ်ကြံခြင်းသာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတော့ စစ်အာဏာရှင်က လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး သူ့ရဲ့ လွတ်မြောက်ရေးအတွက် အပတ်တကုတ်ကြိုးပမ်းနေကြတဲ့ ဩစတြေးလျက သူ့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ မစ္စတာရှောင်တာနယ် တစ်ယောက် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မစ္စတာ ရှောင်တာနယ်ဟာ အကျဉ်းထောင်တွင်းက သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ စစ်အာဏာရှင်တွေက ဘယ်လို ရက်စက်စွာနှိပ်စက်နေတယ်ဆိုတဲ့ အကြောင်းတွေကို ကမ္ဘာကသိအောင်ထုတ်ပြောပြခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းက စစ်အာဏာရှင်တွေထုတ်ပြန်ခဲ့တဲ့ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့တဲ့ အမိန့်ကြေညာစာမှာ “မစ္စတာရှောင်တာနယ်ဟာ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေပြီး ဒါဟာ သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အခြေအနေကို ဖောက်ဖျက်ရာရောက်တယ်” လို့ ရေးသားထားပါတယ်။ 

စစ်အာဏာရှင်တွေက မစ္စတာရှောင်တာနယ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မြန်မာတရားရုံးမှာ ပြန်လည်တရားရင်ဆိုင်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး “ပါမောက္ခမစ္စတာ တာနယ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်ရုပ်သိမ်းပြီး မြန်မာတရားရုံးမှာ ပြန်လည်ရင်ဆိုင်ဖို့ ဆင့်ခေါ်ခဲ့တဲ့အပေါ် ဩစတြေးလျအစိုးရက အလေးအနက်စိုးရိမ်မိပါတယ်” လို့ ဩစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။ 

“ဩစတြေးလျ အစိုးရအနေနဲ့ ပါမောက္ခမစ္စတာ တာနယ်ကို ဖမ်းဆီးထိန်းသိမ်းရတဲ့အကြောင်းရင်းနဲ့ သူ့ကိုစွပ်စွဲခဲ့တဲ့ အမှုတွေအပေါ်မှာ လုံးဝအသိအမှတ်မပြုပါဘူး။ နောက်ထပ်လည်း သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးမှ ဘာမှန်းမသိတဲ့ အကြောင်းပြချက်နဲ့ ထပ်မံစစ်မေးဖို့ ဆင့်ခေါ်တယ်ဆိုတာကို စိတ်ပျက်မိပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဩစတြေးလျနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းထားတယ်လို့ ဆိုပါတယ်။ 

ပရော်ဖက်ဆာ မစ္စတာတာနယ်ရဲ့ မိတ်ဆွေ နယူးဆောက်ဝေးပြည်နယ် လွှတ်တော်အမတ် ဂျန်နဲဆက်ဖင်ကလည်း ဒါဟာ နိုင်ငံရေးအရ ရန်လိုတာဖြစ်ပြီး တရားရေးအရ ဘယ်လိုမှအဓိပ္ပါယ်မရှိဘူးလို့ ပြောပါတယ်။

“သူတို့ကိုယ်သူတို့ စစ်ကောင်စီလို့ အမည်ခံထားတဲ့ မြန်မာစစ်အာဏာရှင်တွေဟာ နိုင်ငံရေးပါးမဝသလို တရားဝင်မှုလည်း မရှိဘူး။ တရားဥပဒေကို သူတို့အတွက် နိုင်ငံရေး အသာစီးရဖို့အတွက်ပဲ အသုံးချနေပြီး တရားဥပဒေရဲ့ ထုံးတမ်းစည်းကမ်းတွေကိုလည်း လိုက်နာတာ မရှိဘူး။ သူတို့ကို တော်လှန်တဲ့ အတိုက်အခံတွေအပေါ်မှာရော သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လာတဲ့သူတွေအပေါ်မှာရော နိုင်ငံရေးအသာစီးရဖို့အတွက် တရားဥပဒေကို လက်နက်အနေနဲ့ အသုံးချနေကြတာ” လို့ သူကပြောပါတယ်။

“အဲဒီတော့ ဒီလုပ်ရပ်တွေကိုကြည့်ရင် မင်းအောင်လှိုင်က ပါမောက္ခ မစ္စတာတာနယ်ကို သူ့ရဲ့နိုင်ငံရေးအိပ်မက်မှာ အတားအဆီးကြီးကြီးမားမားအဖြစ် မြင်နေတယ်ဆိုတာ အသေအချာပဲ။”

“မြန်မာနိုင်ငံသားတွေကတော့ ပါမောက္ခတာနယ်ကို သူရဲကောင်းလိုမှတ်ယူကြပေမယ့် မင်းအောင်လှိုင်ကတော့ တော်တော်လေးကို သဘောမကျဘဲ အထင်အမြင်သေးနေမှာပဲ” လို့ သူက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ စစ်တပ်ရဲ့ ဗီဇကိုပြလိုက်တာပဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဩစတြေးလျကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေ၊ ကိုယ့်နိုင်ငံသားတွေအပေါ် မြန်မာစစ်တပ်က ဘယ်လိုနှိပ်စက်အနိုင်ကျင့်နေတယ်ဆိုတာတွေကို မစ္စတာရှောင်တာနယ်က ပြန်ပြောနေတော့ စစ်အာဏာရှင်တွေက စိတ်ဆိုးတာပေါ့။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ဩစတြေးလျမှာတောင်မှ မစ္စတာရှောင်တာနယ်က မအေးချမ်းတော့ဘူး။ တခြားနိုင်ငံတစ်ခုကိုသွားတဲ့အခါ သူ့ကိုဖမ်းထားပြီး မြန်မာစစ်ကောင်စီဆီကို ပြန်လွှဲပေးလိုက်မလား ဆိုတာကိုစိုးရိမ်နေရတာပေါ့” လို့ ဒေါက်တာ ထွန်းအောင်ရွှေက ပြောပါတယ်။ 

“ဒါဟာ ပြည်တွင်းမှာတောင်မဟုတ်ဘူး၊ နိုင်ငံတကာအထိကို သာမန်ပြည်သူပြည်သားတွေရဲ့ ဘဝအပေါ် စစ်တပ်က ဘယ်လိုဖျက်လိုဖျက်ဆီးနှောင့်ယှက်နေလဲ ဆိုတာရဲ့ နမူနာပဲ” လို့ သူကပြောပါတယ်။

လာမယ့် ရက်သတ္တပတ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်တော့မှာဖြစ်ပြီး စစ်အာဏာရှင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ဩစတြေးလျအစိုးရကို တောင်းဆိုနေပါတယ်။ 

မစ္စတာရှောင်တာနယ် ဖမ်းဆီးခံထားရချိန်မှာတော့ ဓါးစာခံသံတမန်ရေးအရ ဩစတြေးလျအစိုးရက မြန်မာစစ်အာဏာရှင်တွေကို စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းမရှိခဲ့တာဖြစ်မယ်လို့ တချို့စောင့်ကြည့်သူတွေက ယူဆကြပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဩစတြေးလျအစိုးရကနေ မြန်မာစစ်အာဏာရှင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ခြင်းမရှိတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်ကို တိုက်တွန်းထားကြောင်းနဲ့ ဩစတြေးလျအစိုးရကလည်း အနှေးနဲ့အမြန် အရေးယူဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်ကလည်း စီးပွားရေးပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ သုံးသပ်နေပြီဖြစ်ကြောင်း မကြာခင်ကပြောခဲ့ပါတယ်။ 

အာဏာသိမ်းမှုတရားဝင်စေရေးအတွက် မကြာမီ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကလည်း “လွတ်လပ်ပြီးတရားမျှတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ခပ်တည်တည်နဲ့ သူတို့ပြောထွက်တာကိုက တော်တော်ဆိုးဆိုးပဲ။ အတိုက်အခံတွေကို ဖမ်းဆီး၊ နှိမ်နင်း၊ နှိပ်စက်၊ သတ်ဖြတ်တာတွေလုပ်နေပြီးတော့ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာဘူး” လို့ BBC Newsnight မှာ ပြောခဲ့ပါတယ်။  

Ref- ABC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024