ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းအနီးမှာ ဇန်နဝါရီ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဖားပြိုကျေးရွာက အမျိုးသားတဦး သေဆုံးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားမှာ ဖားပြိုကျေးရွာက ဦးသန်းရွှေမောင် (၅၂ နှစ်) ဖြစ်ပြီး ရာမောင်တံတားအရှေ့ဘက်ရှိ တောင်တန်းမှာ ထင်းသွားခုတ်ရာက မိုင်းနင်းမိပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကျေးရွာသား ဦးကိုင်သာက ပြောပါတယ်။
“မိုင်းနင်းမိတာက နေ့လယ် ၁ နာရီလောက်မှာဖြစ်တာ။ ရာမောင်တံတားအရှေ့ဘက်က တောင်တန်းမှာ ထင်းသွားခုတ်တာ၊ အဲဒီမှာ မိုင်းနင်းမိတာဖြစ်တယ်။ အဲဒီအနီးမှာက တပ်စွဲထားတာတွေရှိတယ်။ လူက အဲဒီနေရာမှာတင် ဆုံးသွားတယ်။ ဝမ်းဗိုက်နားမှာ ဒဏ်ရာတော်တော်လေးကို ပြင်းပြင်းထန်ထန် ရသွားရတာ။ အခုတော့ ရွာကိုယူခဲ့ကြပြီ။”
အခုမိုင်းပေါက်ကွဲတဲ့ နေရာအနီးမှာ ခမရ ၃၇၉၊ ခမရ ၃၈၀၊ ခမရ ၅၄၁ တပ်ရင်းတွေ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ဖိုးခေါင်ချောင်း ကျေးရွာက ကလေးတဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်က လူငယ်တဦး မိုင်းကွဲမှုကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွ ရှိနေပြီး အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။