DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ ၄ သန်းခွဲ အရေးပေါ်အကူအညီလိုအပ်၊ ၂၀၂၃ တွင် လူဦးရေထက်ဝက်ခန့် ဆင်းရဲမွဲတေနိုင်ဟု ကုလပြော
DVB
·
January 27, 2023
မြန်မာ့လူဦးရေ ၄ သန်းခွဲ အရေးပေါ်အကူအညီလိုအပ်၊ ၂၀၂၃ တွင် လူဦးရေထက်ဝက်ခန့် ဆင်းရဲမွဲတေနိုင်ဟု ကုလပြော
Donate to DVB

မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတဲ့ လူဦးရေ ၄ သန်းခွဲအတွက် ထိရောက်တဲ့ အရေးပေါ် လူမှုကယ်ဆယ်ရေး အကူအညီတွေ ပေးအပ်နိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၆၄ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်လိုက်တဲ့ “မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်” အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေသူတွေထဲမှာ အမျိုးသမီးဦးရေ ၅၂ ရာခိုင်နှုန်းနဲ့ အများဆုံးပါဝင်ပြီး ကလေးသူငယ်ဦးရေ ၃၂ ရာခိုင်နှုန်းနဲ့ မသန်စွမ်းဦးရေ ၁၃ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်နီးပါးအကြာ မြန်မာနိုင်ငံဟာ အခုနှစ် ၂၀၂၃ ခုနှစ်အတွင်း မကြုံစဘူး နိုင်ငံရေး၊ လူမှုစီးပွားရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အခုနှစ်ထဲမှာ မြန်မာ့လူဦးရေ ထက်ဝက်နီးပါး လောက်ဟာ ဆင်းရဲမွဲတေမှုတွေ ကြုံတွေ့ရနိုင်တယ်လို့လည်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ငွေကြေးဖောင်းပွမှု ပြင်းထန်တာ၊ ခရီးသွားလာမှု ကန့်သတ်ချက်တွေ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက ထိခိုက်လွယ်သူအများစုကို အခြေခံအစားအစာနဲ့ တခြားသော အခြေခံထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ အကျပ်အတည်း၊ ဒါမှမဟုတ် အရေးပေါ်ဖြေရှင်းနည်းဗျူဟာတွေကို မှီခိုအားထားနေရတာမို့ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးတို့ အပါအဝင် ဘက်ပေါင်းစုံကနေ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီလို ဘက်ပေါင်းစုံက လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းဟာ နိုင်ငံတဝန်းလုံးကို သက်ရောက်မှုရှိနေပြီး အရပ်သားတွေအတွက် အကာအကွယ်ပေးရေးနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်ရေး လက်လှမ်းမီမှုကို ကန့်သတ်တာတွေ အပါအဝင် စားနပ်ရိက္ခာ မလုံလောက်မှုတွေအထိ ဆိုးဆိုးဝါးဝါး သက်ရောက်စေတယ်လို့လည်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို ထုတ်ပြန်ကြေညာနေပေမဲ့ ကုလသသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာအတွင်း အမှန်တကယ်စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒုက္ခနဲ့ကြုံတွေ့နေရတဲ့ ပြည်သူတွေလက်ထဲကို လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်တာမရှိဘဲ စစ်ကောင်စီ ခွင့်ပြုတဲ့နေရာတွေကိုသာသွားရောက်ပြီး စစ်ကောင်စီလက်ထဲကို သာအကူအညီတွေ ထည့်ပေးနေတယ်လို့လည်း ဝေဖန်မှုတွေခံနေရပါတယ်။ 

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းကတည်းက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ၂၀၂၂ နှစ်ကုန်အထိ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ နိုင်ငံတဝန်း နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပူတပြင်းလိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013