Home
ဆောင်းပါး
ဒီတခါတော့ မဲလုံး စကားယုံ (သရော်စာ)
DVB
·
January 27, 2023

“အရူးနှစ်ကောင်က တမျိုး၊ မဲလုံးက တမျိုး .... တောက်စ်..... သုံးကောင် နှစ်မျိုး”

ပွတ်လက်စဖုန်းကို စားပွဲပေါ်ပစ်တင်ပြီး ပွစိပွစိ ရွတ်နေတဲ့ ကိုတတ်ပ စကားသံကြောင့် မော့လုဆဲ လက်ဖက်ရည်ခွက်ကို မမော့နိုင်သေးဘဲ…

“ဘာတွေ ဒေါမာန်ပွားနေရတာလဲ ကိုတတ်ပရယ်” လို့ အကျွန်ုပ်လည်း စကားထောက်လိုက်ရတယ်။

“ဘာဖြစ်ရမှာလဲ ဆရာအေးရာ၊ မအလနဲ့ ဒေါက်ကြောင် အေးမောင်က အကြားအလပ်မရှိ ရွေးကောက်ပွဲ လုပ်ရမယ်တဲ့၊ ဇော်မဲလုံးက နောက်ခြောက်လအတွင်း ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ တပ်အပ်သေချာ မပြောနိုင်ဘူးတဲ့လေ”

ကိုတတ်ပရဲ့ တုံ့ပြန်စကားကို ဆေးပေါ့လိပ်လေးဖွာ နားထောင်နေတဲ့ ကျောင်းဆရာဟောင်း ကိုဟန်တင်က…

“နို့ ... ဒေါက်ကြောင် အေးမောင်က ဘယ်သူတုန်းကွ တတ်ပရ” လို့ အမေးတော် ရှိပြန်သဗျ။

“ဟာဗျာ ... မြန်မာပြည်ရဲ့ အနောက်ချောင်က ဒေါက်ကြောင် အေးမောင်လေဗျာ၊ ရခိုင့်ဥသျှောင်ပါတီက ငှက္ကဋ္ဌလေ၊ အဲ ... ဟုတ်ပေါင်  .... ဥက္ကဋ္ဌလေ”

‘အာ...  အေး .... အော် .... သိပြီ ၊ ရခိုင့်ဦးဆောင်ပါတီပါကွ”

“ဥသျှောင်ပါတီလား .... ဦးဆောင်ပါတီလားတော့ မသိဘူးဗျာ၊ တကောင်တည်းပြေးပြီး ပထမရချင်နေတဲ့ကောင်ပဲ”

“ဒါနဲ့ နေပါဦး၊  မင့်က ဖုန်းကြီးကို တဂျိဂျိ မပြတ်တမ်းပွတ်နေတော့ up to date သိမှာပါ့ တတ်ပ၊ မအလက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မအလက ဘာပြောသေးတုန်း”

“ပြောပါပကောလားဗျာ၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကပဲ စစ်ကောင်စီအစည်းအဝေးမှာ နိုင်ငံတဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြည်သူအားလုံး ခြိမ်းခြောက်မှုအကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မဲပေးနိုင်ဖို့ကို ဦးတည်ဆောင်ရွက်ရမယ်တဲ့ဗျာ”

ကိုတတ်ပ အဖြေစကားလည်းကြားရော ကိုဟန်တင်က လက်ထဲက ဆေးပေါ့လိပ်ကို ပြာခွက်ထဲ ထိုးချေလိုက်ရင်း…

“အံမယ်၊ အံမယ် .... ဆောက်ဖြစ်မှ ကျောင်းဒကာဖြစ်မယ့်ကောင်က အိမ်တိုင်တွေကို ပတ်မီးရှို့နေပြီး အကြားအလပ်က မရှိချင်သေးတာတဲ့လား”

ကိုဟန်တင်ရဲ့ အငေါ်တူးသံကြောင့် အကျွန်ုပ်လည်း သောက်လက်စရေနွေး သီးအောင် တဖွီးဖွီး ရယ်မိတော့တာရယ်။ ကိုဟန်တင်က အကျွန်ုပ်ဘက် လှည့်ကြည့်ရင်း…

“မရယ်နဲ့ သတင်းစာဆရာရဲ့၊ ရွေးကောက်ပွဲနဲ့ ပန္နက်ချတဲ့ ဒီမိုကရေစီအိမ်ကို တည်ဆောက်ချင်ရင် ပြည်သူလူထုက ပင်မဒေါက်တိုင် အိမ်တိုင်တွေပဲလေဗျာ။ ဒီမအလက အိမ်တိုင်မှန်သမျှကို မီးရှို့ ခုတ်ထစ် သတ်ဖြတ် ဖျက်ဆီးပြီး အိမ်ဆောက်မယ် ကြွေးကြော်နေတာလေဗျာ” လို့ ကိုဟန်တင်က မြည်တွန်တော့တာပဲ။

“ဟုတ်ပါတယ် .... ဒါ့ကြောင့်လည်း ဆရာဟန် ပြောတာကို သဘောကျပြီး ရယ်မိတာပါဗျာ”

အကျွန်ုပ်လည်း မအလအပေါ် ကန်နေတဲ့ ကိုဟန်တင့်ဒေါသ အကျွန်ုပ်ဘက် လွင့်စင် ကျမလာအောင် လေပြည်ထိုးရတော့တာရယ်။

ကိုတတ်ပက စားပွဲပေါ်က ကွမ်းထုပ်ကို ကောက်ယူ ဖြည်ဝါးရင်း စကားဝိုင်းထဲ ပြန်ဝင်လာတယ်။

“ဖဲလိမ်ဒိုင် မအလက ဖဲမဝေရသေးဘူး၊ ဖဲထုပ်လေး ပုတ်ပြကာရှိသေး ဖင်တကြွကြွလုပ်ပြတဲ့ အလံရှူးထိုးသားက ဘာပြောတယ်ထင်လဲ”

“ဪ ... အေး၊ စောစောက မင့်ပြောတဲ့ ဒေါက်ကြောင် အေးမောင်က ပြောတာလား၊  ဘာပြောသွားလဲ ပြောစမ်းပါဦး၊ ဒါနဲ့ သူ့ကို အဖက်လုပ်ပြီး အင်တာဗျူးတဲ့မီဒီယာက ရှိသေးလို့လားဟ”

“ဒါတော့ ဟုတ်တယ်၊ ကျုပ်တော့ ပြည်ပရောက် လွတ်လပ်တဲ့ မီဒီယာတွေက ကိုကိုကြီးတို့ ဒေါက်တာအေးမောင်တို့ကို အရင်လို အဖက်လုပ်ပြီး အင်တာဗျူးလုပ်ကြတာ သိပ်မတွေ့ရတော့ဘူးနှော ကိုတတ်ပ၊ ခင်ဗျားက ဒေါက်‌တာအေးမောင် ပြောစကားကို ဘယ်ကတွေ့တာလဲ”

ကျောင်းဆရာ ကိုဟန်တင်ရဲ့ စကားကို ထောက်ခံပြော ပြောမိတဲ့ အကျွန်ုပ်ကို ကိုတတ်ပ ‘အ’ ရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး…

“မ‌သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့၊ ဖွတ်ဖွတ်ချင်း အမြီးလိမ်ပေါ့ဗျာ။ လွတ်လပ်တဲ့ မီဒီယာတွေက မဗျူးလည်း အလံရှူး ပြည်တွင်းမီဒီယာတွေက ဗျူးတာပေါ့ သတင်းထောက်မင်းရဲ့။ ဗျူးတာမှလေ မအလက စစ်ကောင်စီအစည်းအဝေးမှာ ရွေးကောက်ပွဲ လေသံပစ်တဲ့နေ့မှာပဲ ဗျူးတာဗျာ၊ ဒေါက်ကြောင် အေးမောင်က ဘာပြောတယ်ထင်တုန်း”

“တောက်! ကောလိပ်ဂျင်နေဝင်းလေသံနဲ့ ပြန်မေးမနေစမ်းနဲ့ကွာ၊ ဘာပြောသွားတုန်း ပြောစမ်း တတ်ပ”

ကိုဟန်တင်ဖြတ်ဟောက်လိုက်တော့မှ တတ်ပက တဟဲဟဲ ရယ်ရင်း…

“ဟဲဟဲ .... သူတို့ ရခိုင့်ဦးဆောင်ပါတီက လာမယ့်ရွေးကောက်ပွဲမှာ အကြားအလပ်မရှိ ရခိုင်ပြည်နယ်က ၁၇ မြို့နယ်စလုံးမှာ ဝင်ပြိုင်မယ်တဲ့ဗျ”

“အော့... အော်၊ မအလနဲ့ အေးမောင်က တလုံးတည်းကို တပြိုင်တည်း ဝိုင်းငုံထားကြတာပဲဟ”

“အာ.... ဘယ်တလုံးကို ဝိုင်းငုံတာတုန်း ကိုဟန်တင်ရ”

“ဘယ်တလုံးရမှာလဲ ကိုရေအေးရယ်၊ အကြားအလပ်မရှိ၊ အကြားအလပ်မရှိ ဆိုတဲ့ အလုံးကြီးကိုပေါ့ဗျာ၊ ဟားဟားးး”

“ဟားဟား၊ ဟားဟားးးး”

ဒီတခါတော့ အကျွန်ုပ်တို့သုံးယောက်စလုံး တဟားဟား အော်ရယ်မိကြတာကြောင့် တခြားလက်ဖက်ရည်ဝိုင်းတွေက ဝိုင်းကြည့်လာလို့ မနည်း ဘရိတ်အုပ်ကြရတယ်။

“ဖဲလိမ်ဒိုင်နဲ့ အလံရှူးထိုးသား သူတို့နှစ်ယောက်လည်း တရက်တည်း တပြိုင်တည်း အကြားအလပ်မရှိ ရွေးကောက်ပွဲကြီးကျင်းပရေး အာပေါင်အာရင်းသန်သန် ပြောပြီးရော နောက်ရက်မှာပဲ ဇော်မဲလုံးက ဘာပြောတယ်ထင်လဲ ကိုရေအေး”

“လုပ်ပြန်ပြီ၊ ခင်ဗျားကလည်း ဆရာဟန် ပြောလည်း ပြောစရာပဲ၊ ကောလိပ်ဂျင်ဂိုက်ဖမ်း မနေစမ်းပါနဲ့၊ ပြောစရာရှိတာ ပြောစမ်းပါဗျာ”

“ဟဲ ဟဲ .... နောက်တရက်မှာပဲ VOA က အင်တာဗျူးလုပ်တော့ မဲလုံးက နောက်လာမယ့် ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ တပ်အပ်သေချာ မပြောနိုင်ဘူးတဲ့”

“ဪ ..... အဖေကတမျိုး၊ သားက တဖုံပါလားနော်”

အကျွန်ုပ်ရဲ့ မှတ်ချက်စကားမှ မဆုံးသေး ကိုတတ်ပက ကျောင်းအုပ်ဆရာဟောင်း ကိုဟန်တင်ကို မေးခွန်းထုတ်ပါလေကော။

“အဲ့ဒေါ့၊ ကျနော်တို့က မအလစကား ယုံရမလား၊ မဲလုံးစကား ယုံရမလား၊ ဘယ်သူ့စကား ယုံရမလဲ ဆရာဟန်”

“အင်းးးးး၊ ဒါကတော့ .......အင်းးးး”

ကိုဟန်တင်လည်း ချက်ချင်း အဖြေမပေးနိုင်ဘဲ မေးစေ့လေးပွတ်ရင်း ‘အင်း’ လေးဆွဲနေရတယ်။

“ဒက် .... ဒက် .... ဒက်”

“ဖောက်... ဖောက်”

“အုန်း”

“ဟာ ..... ဟာ! လဝက ရုံးဘက် ပစ်နေပြီဟေ့”

ငါးလမ်းကျော်က ပေါ်ထွက်လာတဲ့ သေနတ်သံ၊ ဗုံးကွဲသံနဲ့အတူ လက်ဖက်ရည်ဖျော်ဆရာရဲ့ အော်သံကြောင့် စားပွဲထိုးလေးတွေ ဟိုပြေးရမလို၊ ဒီပြေးရမလိုလို ဖြစ်ကုန်ကြတယ်။ အကျွန်ုပ်တို့ သောက်သုံးသူတွေလည်း က‌ပျာကယာ ထိုင်လက်စဝိုင်းက ခွာပြီး ပါလာတဲ့ စီးတော်ယာဉ်ကို ဆွဲပြီး ကိုယ့်အိမ်ကို ပြန်ကြဖို့ ပြင်ကြရတော့တာပဲ။

ကတုံးကရိုက်နဲ့ ဆိုင်ကယ်ကိုဆွဲထုတ်ရင်း ကျောင်းဆရာကိုဟန်တင် ကိုတတ်ပ အမေးကို အဖြေပေးသွားပုံက…

“ဟေ့ .... တတ်ပ၊ ဒီတခါတော့ မဲလုံးစကားကိုသာ အတည်ယူလိုက်ကွ၊ ယုံကွ” တဲ့ဗျား။

အညာတမာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024