
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျုံဒိုးမြို့နဲ့ အနီးနားကကျေးရွာ ၂၀ လောက်က ထောင်နဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာတချို့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်စခန်း ၉ ခု ဖွင့်လှစ်ထားကာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်တဦးက “အခု ကျနော်တို့ စစ်ရှောင်စခန်းလိုနေရာမျိုး ၉ နေရာ ကျနော်တို့ ခွဲပြီးတော့ လုပ်နေရတာဖြစ်တဲ့ အတွက် အဲဒီစစ်ရှောင်တွေအတွက်လည်း လိုအပ်တဲ့အကူအညီတွေ၊ စားနပ်ရိက္ခာတွေ ရဖို့အတွက်ကို ကျနော်တို့ ဝိုင်ဝန်းလုပ်ဆောင်နေတာတွေရှိတယ်ပေါ့။ ကျနော်တို့ အခု စာရင်းကောက်နေဆဲဖြစ်တယ်။ အခု ဒီကော့ဘိန်းဘုန်းကြီးကျောင်းမှာ ကျနော်တို့ ယာယီစခန်းဖွင့်ထားတယ်ပေါ့နော်။ ကျန်တဲ့ဟာကျတော့ ရွာတွေရွာတွေမှာ တိုက်ပွဲဖြစ်တဲ့ဧရိယာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ကျနော်တို့အစုလိုက်၊ အစုလိုက် ကျနော်တို့ခွဲပြီးတော့ထားတယ်။ တနေရာထဲမှာပဲ စုပြုံပြီးတော့လည်း ကျနော်တို့မထားရဲဘူး။ ထားရင် သူတို့ရဲ့ ပစ်မှတ်ဖြစ်သွားလို့လေ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကစပြီး ကျုံဒိုးမြို့ မိဂလုံရွာအနီး စစ်ကောင်စီရဲ့ ၅၄၆ တပ်ရင်းကို ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် (KNLA) အပါဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးမှာတော့ နေ့စဉ် တိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျုံးဒိုးမြို့ ကမ်းနီ၊ သရက်တောနဲ့ မိကလုံ ကျေးရွာတွေမှာ ဇန်နဝါရီ ၂၃ ရက်က တိုက်ပွဲတွေ စဖြစ်ပြီး အဲဒီညမှာပဲ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။
“သူတို့က နေအိမ်တွေကို ဗုံးကြဲတာလည်း ရှိတယ်။ နေအိမ်တွေကို မီးတင်ရှို့တာလည်းရှိတယ်။ အဲဒီပထမဦးဆုံး ကမ်းနီရွာမှာ မီးလောင်တာကတော့ စကစကနေ ရှို့တာပေါ့။ ကမ်းနီရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း အိမ်ကို မီးတင်ရှို့လိုက်တာပေါ့။” လို့ ဒေသခံ တဦးက ပြောပါတယ်။
ကျုံဒိုးမြို့ပေါ်အပြင် ကမ်းနီ၊ သရက်တော၊ ကော့လျန်၊ ကမ်းမလိုက်၊ မာလာတော၊ တလွဲထော်၊ ကော့ကွေး၊ မိဂလုံ၊ ကော့ကာ၊ ကော့ကြိုက်၊ ရွာကလေး၊ ကျောက်ဖျာ၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ငှက်ပျောတော စတဲ့ရွာပေါင်း ၂၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဝင်တဦးက“လက်ရှိကျနော်တို့ကွင်လူ ဦးရေ ၁၀၀၀ နီးပါးလောက်ရှိတယ်။ အခုကျနော်တို့ ဆရာတော်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပြီးစခန်းဖွင့်တာ ၉ ခုပေါ့နော်။ ကျန်တဲ့အပြင် သူတို့သိတဲ့နေရာ သွားတယ်။ ဘားအံရောက်တဲ့သူရောက်၊ ရွှေဂွန်းရောက်တဲ့သူကရောက် တချို့ မော်လမြိုင်ရောက်တဲ့သူ ရောက်တယ်။ အစုံပေါ့။” လို့ ပြောပါတယ်။
တိုက်ပွဲနဲ့ နေအိမ်တွေ မီးရှို့ခံရလို့ ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိထားသလို ပြေးရင်းနဲ့ သေဆုံးသွားတာတွေရှိတယ်လို့ ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကတဦးက ပြောပါတယ်။
“လက်ရှိထိခိုက်စာရင်းတွေက ပြုစုနေတုန်းပဲ။ ထိခိုက်တာက ကျနော်တို့ လက်ရှိ ဖားကျခွင်မှာတော့ ၂၀ ၊ ၂၁, ၂၂၊ ၂၃ မှာ သူတို့ ပစ်တဲ့ လက်နက်ကြီးငယ်ကျတော့ အိမ်တွေ ပျက်စီးတာရှိတယ်။ လူတွေ ဒဏ်ရာရတာရှိတယ်။ ကျနော်တို့ ဒီတောင်ကြာအင်းဘက်ကတော့ လူသေတာတော့မရှိဘူးပေါ့။ ဒဏ်ရာရတာ ၃ ယောက်ရှိတယ်ပေါ့နော်။ အိမ်တွေတော့ ပျက်စီးတယ်၊ ပြိုသွားတယ်။ နောက်တခုကျတော့ ကမ်းနီတို့၊ သရက်တောတို့ မိဂလုံတို့ဘက်မှာကတော့ လူသေတာရှိတယ်။ သေတာက ပုံစံ နှစ်မျိုးနဲ့သေတယ်။ တမျိုးကကျတော့ ပြေးရင်းလွှားရင် ရှောင်ရင်းနဲ့ အသက်ရှုကျပ်ပြီးတော့ နဂိုသူ့ရဲကျန်းမာရေးအခံကြောင့် အသက်ရှုကျပ်ပြီး သေသွားတာတွေရှိတယ်။ နောက်ခုကကျတော့ ဒီကမ်းနီမှာ စစ်ဖြစ်တဲ့နေ့ကဆိုရင် ဒဏ်ရာရလိုဆိုပြီး ကျနော်တို့ သရနော်ဆေးရုံ မွန်ရွာမှာ နှစ်ယောက်တင်ထားတာရှိတယ်။ ဒဏ်ရာကြောင့်ပေါ့နော်။ လက်ရှိကတော့ သေဆုံးတာထက် ထိခိုက်တာတွေ ထပ်တိုးလာဖို့ ရှိတယ်ပေါ့နော်။”
ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက် အထိ ကျုံးဒိုး ဒေသတဝိုက် တိုက်ပွဲတွေကြောင့် စစ်ကောင်စီ ဘက်က ၉၀ ကျော် သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက မနေ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ၆ ရက်တာ တိုက်ပွဲအတွင်း ကမ်းနီစံပြကျေးရွာကို စစ်ကောင်စီရဲ့ အမှတ် (၅၄၅ /၅၄၆) အမြောက်တပ်က က်နက်ကြီးအကြိမ်ရေ ၂၀၀ ကျော်ပစ်ခတ်ခဲ့ပြီး လေကြောင်းစစ်ကူအနေဖြင့် (JY/130) တိုက်လေယာဉ်အမျိုးအစားနဲ့ (Mi 35) လေယာဉ်အမျိုးအစားတွေ အသုံးပြုကာ ၁၀ ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO ) အမှတ် (၆)တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်စောလင်းဌေးနဲ့ ရဲဘော် ၂ ဦးကျဆုံးတယ်လို့လည်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခု၊ ဒီဇင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်ပြည်နယ်မှာ ဒေသခံ ၁ သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။