DVB Logo
Home
မြန်မာသတင်း
တနိုင်းတွင် စက်သုံးဆီပြတ်လပ်ပြီး ဒေသခံများ အခက်တွေ့
DVB
·
January 27, 2023
တနိုင်းတွင် စက်သုံးဆီပြတ်လပ်ပြီး ဒေသခံများ အခက်တွေ့
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့မှာ လောင်စာဆီသယ်ယူခွင့် ပိတ်ထားတဲ့အတွက် မြို့နယ်အတွင်းက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေလို့ ဒေသခံပြည်သူတွေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

စက်သုံးဆီ သယ်ဆောင်ရောင်းချခွင့် ပိတ်ပင်ထားတဲ့အတွက် စက်သုံးဆီဆိုင်ကြီးတွေမှာ ဇန်နဝါရီ ၂၁ ရက်ကစပြီး လက်ကျန်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဈေးရောင်းချသူ ဒေသခံအမျိုးသမီးတဦးက “ဓာတ်ဆီက ဆိုင်တွေမှာ လိုသလောက် ရောင်းမပေးတော့ဘူး။ ဆိုင်ကယ်တစီး ၃,၀၀၀ ဖိုးပဲ။ ဆိုင်ကယ်နဲ့ ဈေးရောင်းတာ အဆင်မပြေတော့ဘူး။ ဒီမှာက ဆိုင်ကယ်တစီးနဲ့ အလုပ်လုပ်နေရတဲ့ လက်လုပ်လက်စားတွေ အများကြီးရှိတယ်။ သူတို့တွေလည်း အဆင်ပြေမနေဘူး” လို့ ပြောပါတယ်။

စက်သုံးဆီ သယ်ယူရောင်းချခွင့် ပိတ်ပင်ထားပြီးနောက် စက်သုံးဆီဆိုင်တွေမှာ လက်ကျန်ဆီတွေကို ဆိုင်ကယ်တစီး ၃,၀၀၀ ကျပ်ဖိုး၊ သုံးဘီးဆိုင်ကယ်တစီး ၅,၀၀၀ ကျပ်ဖိုး၊ အိမ်စီးကားတစီး ၁၅,၀၀၀ ကျပ်ဖိုး၊ လုပ်ငန်းသုံးကားကြီးတစီး ၃၀,၀၀၀ ကျပ်ဖိုးနဲ့ အလုအယက် ဝယ်နေရပြီး ဒီဇယ်ဆီကတော့ ဘယ်ဆိုင်မှာမှ ဝယ်မရတော့ပါဘူး။

ဒေသခံတဦးက “ဓာတ်ဆီတဂါလန်ကို ၁၃,၀၀၀ ပတ်ဝန်းကျင်လောက် ပေးရတယ်။ ဒါပေမဲ့ တဂါလန်ဆိုပြီး သွားဝယ်လို့မရဘူး။ ဆိုင်ကယ်နဲ့သွားပြီး ဆိုင်ကယ်ထဲ ၃,၀၀၀ ဖိုးထည့်။ ဆိုင်ကယ်ထဲက ဆီပုံးထဲပြန်စုပ်ထည့်ပြီး ဆီဆိုင်မှာ ပြန်တိုးနဲ့ အလုပ်ကို ကောင်းကောင်းမလုပ်ရဘူး၊ အတော်လည်း ဒုက္ခရောက်ရပါတယ်” လို့ ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေပြီးနောက် လက်နက်ကိုင်အဖွဲ့တွေက စက်သုံးဆီသယ်ယူခွင့်ကို ဇန်နဝါရီ ၉ ရက်ကစတင်ပြီး ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013