
စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးကာလအတွင်း မြန်မာပြည်တွင်းက အခြေခံ ပြည်သူလူလူထုတွေရဲ့ သဘောထားအမြင်တွေကို တော်လှန်လူငယ်ဝိုင်းတော်သားတစုက မေးမြန်းထားပြီး ရုပ်သံဗွီဒီယိုဖိုင်တခုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူတွေ ဘာတွေ ပြောနေကြပါသလဲ၊ စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားတွေရှိနေကြပါသလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရော ဘာတွေပြောချင်နေကြသလဲဆိုတဲ့ အကြောင်းအရာတွေကို တော်လှန်လူငယ် ဝိုင်းတော်သားတစုက လိုက်လံမေးမြန်းထားတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ရန်ကုန်မြို့နေ ပြည်သူတချို့က သူတို့လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရတဲ့အချိန်မှာ အရဲရင့်ဆုံး ထုတ်ဖော်ပြောဆိုခဲ့တဲ့ တော်လှန်ရေး ၂ နှစ်ပြည့် လူထု အသံ၊ လူထုခံစားချက်တွေကို ရှုစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘာလုပ်ချင်လဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ကျနော်က ပါးစပ်နဲ့ မပြောချင်ဘူး။ (ကားနဲ့) တိုက်သတ်ပစ်လိုက်ချင်တယ်။ ဒီကောင်မျိုးကို။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ မြေပေါ်မှာလည်း မထားချင်ဘူး။ ကမ္ဘာမှာလည်း မထားချင်ဘူး။” ဆိုတဲ့ အပြင်းထန်ဆုံး စက်ဆုတ်မုန်းတီးမှုနဲ့ တုံ့ပြန်မှုတွေနဲ့အတူ “နင်ပြုတဲ့ကံ နင့်ထံကို ပြန်လာပြီးတော့ အသေဆိုးနဲ့ သေပါစေလို့ပဲ ပြောချင်တယ်။” ဆိုတဲ့ စကားသံတွေကိုလည်း ကြားရပါတယ်။
မြန်မာတပြည်လုံးမှာတော့ စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး ၂ နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်း နေဆဲဖြစ်ပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာ ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ အကျပ်အတည်းတွေနဲ့ ခံစားချက်တွေကို မေးမြန်းရာမှာတော့ “ကျနော်ပြောချင်တာကတော့ ဒီကောင်တွေအောက်မှာ ဆက်ပြီးတော့ ရပ်တည်နေမယ်ဆိုရင် ဘယ်လူတန်းစားမှ ဆက်ပြီးတော့ ရပ်တည်လို့မရဘူးလို့တော့ ထင်တာပဲ။ ကျနော်တို့ အောက်ခြေလူတန်းစားကတော့ ပိုဆိုးတာပေါ့။” ဆိုတဲ့ အခြေအနေတွေကို ဖြေကြားခဲ့ကြသလို တဖက်မှာလည်း လုံခြုံမှု မရှိတဲ့ အခြေအနေတွေကြားမှာ “စိတ်လုံခြုံမှု မရှိဘူးလို့တော့ ခံစားရတာပေါ့။ လမ်းသွားရင်လည်း ဖုန်းတွေစစ်မယ်၊ အိမ်တွေဝင်လည်း ဧည့်စာရင်းတွေစစ်မယ် ဘာတွေဆိုတော့ လူတွေက ကြောက်ပြီးတော့ နေနေရတယ်။” ဆိုတဲ့ ဖြေကြားမှုတွေကိုလည်း ရုပ်သံမှာ တွေ့ကြရပါတယ်။