တောင်ငူအကျဉ်းထောင်တွင်းမှာ နိုင်ငံတော်သမ္မတကြီး မရှိဘူးလို့ သမ္မတဦးဝင်းမြင့်ရဲ့ ဇနီးဖြစ်သူကို ထောင်အာဏာပိုင်က ပြောဆိုလိုက်ပြီး နောက်တနေ့မှာပဲ ထောင်အပြင်လုံခြုံရေးတွေ ထပ်တိုးတာနဲ့ ဒရုန်းဖျက်စက်တွေပါ အရေးပေါ် တပ်ဆင်လိုက်တယ်လို့ ထောင်ငူထောင်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းမှာ သမ္မတကတော် ဒေါ်ချိုချိုက တောင်ငူအကျဉ်းထောင်ကို ထောင်ဝင်စာ အစားအသောက်တွေနဲ့ ရောက်ရှိလာပြီး ထောင်ဝင်စာပို့ဖို့ ကြိုးပမ်းကြောင်း၊ အကျဉ်းထောင်ဂိတ်မှာ ဒေါ်ချိုချိုကို စောင့်ဆိုင်းခိုင်းပြီး အကျဉ်းထောင် အရာရှိတွေက ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ထံသို့ အကြောင်းကြားကြောင်း၊ ဒီနောက် သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်မှာ မရှိဟုဆိုကာ ငြင်းပယ်လိုက်လို့ သမ္မတကတော် ဒေါ်ချိုချိုနဲ့ မိသားစုဝင်များ ပြန်လှည့်သွားရကြောင်း သတင်းဌာနတွေက သတင်းထုတ်ခဲ့ကြပါတယ်။
ထောင်ဝန်ထမ်းမိသားစုနဲ့ နီးစပ်သူတယောက်က “နောက်နေ့ ဇန်နဝါရီ ၂၄ ရက်ကစပြီး ထောင်အုပ်ရိုး အပြင်ဘက်ကို ဗိုလ်မှူးအငြိမ်းစားတယောက် ဦးဆောင်ပြီး အသက်ကြီးစစ်ကောင်စီ အဖိုးကြီးတွေ ၁၅ ယောက်လောက် ယူနီဖောင်းဝတ်ကြီး လက်နက်အပြည့်အစုံနဲ့ လာ စောင့်နေကြတယ်။ နေ့ရောညပါပဲ အကုန်လုံး ပင်စင်စားတွေချည်းပဲ။ အုတ်ရိုးနဲ့ မျှော်စင်တွေမှာလည်း ဒရုံးဖျက်စက်တွေ လာတပ်တာကိုတွေ့ရတယ်”လို့ ပြောပါတယ်။
သမ္မတကြီးကို ဗဟိုကင်း မျှော်စင်ဘေးမှာ သီးသန့်ဆောက်ထားတဲ့ အဲကွန်းနဲ့ မီးဖိုခန်းပါ လုံးချင်းအိမ်လေးမှာထားပြီး ထောင်ဝန်ထမ်း ၅ ယောက် ၊SB- ၂ ယောက်၊ လက်နက်အပြည့်အစုံရဲက ၅ ယောက်လောက်ချထားတယ်လို့လည်း ပြောပါတယ်။
တောင်ငူထောင်မှာ တိုက် ၅ တိုက်ရှိပြီး၊ သေဒဏ်ကျခံထားရသူ ၄ ယောက်ရှိကာ ၂ ယောက်က နိုင်ငံရေးကျဉ်းသားတွေဖြစ်တယ်လို့ တောင်ငူထောင်ကလွတ်လာတဲ့ ရိုးရိုးအကျဉ်းသား တယောက်က ပြောပါတယ်။
သမ္မတကြီးဦးဝင်းမြင့်ကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာအသုံးပြုမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အပြင် ရဟတ်ယာဥ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ငါးမှုတို့နဲ့ စစ်ကောင်စီက စွပ်စွဲပြီး စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့ကမှာတော့ သမ္မတကြီးကို နေပြည်တော် အချုပ်ထောင်ကနေ တောင်ငူထောင်ကို ရွေ့လိုက်တာလို့ ထောင်အသိုက်အဝန်းက ပြောကြားခဲ့ပြီး စစ်ကောင်စီဘက်ကတော့ တောင်ငူထောင်မှာ မရှိကြောင်း နေပြည်တော်မှာ ထောင်ဝင်စာပေးပို့ ပြောဆိုထားပါတယ်။