
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်အနီးမှာ ဇန်နဝါရီ ၂၅ ရက်က ကျိုက်ထီးရိုးဘုရားဖူးသွားတဲ့ ကားတစီးပစ်ခတ်ခံရပြီး အမျိုးသား ၁ ယောက်သေဆုံးကာ တခြားသူ ၇ ယောက် ဒဏ်ရာရသွားပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့က ဦးသီဟမောင်မောင် မောင်းနှင်လာတဲ့ ဘုရားဖူးခရီးသည် ၁၁ ဦးလိုက်ပါလာတဲ့ light truck ကားသေးတစီးဟာ ဇန်နဝါရီ ၂၅ ရက် မနေ့ မနက် ၁၁ နာရီ ၄၀ မိနစ် ခန့်လောက်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ KP စက်သုံးဆီဆိုင်အနီးမှာ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တဲ့ ဗုံးသီးထိမှန်ခဲ့လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တာပါ။
ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာသူ ၁ ဦးက အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးထဲက ၃ ဦး ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးအလောင်းနဲ့အတူ မော်လမြိုင်ဆေးရုံကို သယ်သွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက သွားရောက်ပစ်ခတ်ခဲ့ခြင်းမျိုးမရှိသလို ဘယ်အဖွဲ့စည်းမှ သွားရောက်လုပ်ဆောင်ခြင်းမရှိကြောင်း ဒေသခံ PDF တပ်ဖွဲ့ ကတာဝန်ရှိသူတယောက်ကပြောပါတယ်။
ဒီပစ်ခတ်မှုဟာ NUG ၊ CRPH လက်ဝေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ စွပ်စွဲ ထုတ်ပြန်ထားပါတယ်။
ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူးလာတဲ့ မော်တော်ယာဉ် ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ် ဖြစ်တယ်လို့ သထုံခရိုင် PDF က တုံ့ပြန်လိုက်ပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “သူတို့ စာထုတ်ထားတာ လုံးဝ အမှားကြီး၊ ပြီးတော့ သူတို့ မြေပုံအညွန်းပေးထားတာ ရှိတယ်၊ အဲဒီမှာက အကြမ်းဖက်သမားတွေ ပစ်ခတ်တဲ့နေရာဆိုတာက သူတို့(စကစ)တွေ ကင်းပုန်းဝပ်ထားတဲ့ နေရာပါ၊ ပြီးတော့ ဂိတ်မှာ တာဝန်ကျနေတဲ့ ဖရဲသီးတစ်ယောက်ကို မေးကြည့်တာတော့ သူတို့ပြောတာက ကား မရပ်ပေးလို့ ပစ်ခတ်လိုက်တာလို့လည်း ပြောတယ်၊ ဒီပစ်ခတ်မှုဟာ ကျနော်တို့လုပ်တာ မဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ မကြာခဏ ပစ်ခတ်ခံနေရတာကြောင့် ဒီနောက်ပိုင်း စစ်ဆေးရေးဂိတ် ပတ်လည်မှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေ ဝပ်ထားတဲ့အတွက် လာရောက် ပစ်ခတ်ဖို့ မဖြစ်နိုင်ကြောင်းသူက ဆိုပါတယ်။
အခင်းဖြစ်ရာနေရာအနီးရောက်ခဲ့တဲ့ ခရီးသည်တယောက်ကလည်း“နေ့လယ် ၁၂ နာရီလောက်မှာဖြစ်တာ။ အဲ့ဒီအချိန်မတိုင်မီ မနက်ပိုင်းကတည်းက ကားတန်းကျပ်နေခဲ့တာ။ အဲ့ဒီ ကားတန်းကျပ်နေချိန်မှာ သူတို့က ထုံးစံအတိုင်း ကားမှောင်ခို ( car without) ကားတွေကို လွှတ်ပေးနေချိန် အဲ့ဒီကိစ္စနဲ့ပဲ သူတို့အချင်းချင်း စကားများကြတာ အပြင်ကကြားနေရတယ်။ လမ်းပေါ်အထိ ထွက်ဆဲတာ။ စစ်သားတယောက်က ထိုးမယ်ကြိတ်မယ်တွေဖြစ်ပြီးနောက် သူတို့အထဲက စစ်ကောင်စီ တပ်သားတယောက်က ပစ်လိုက်ပုံရတယ်၊ ရမ်းပစ်တာလား မတော်တဆလားတော့မသိဘူး”လို့ ပြောပါတယ်။
လက်ရှိမှာတော့ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ဘုရားဖူးခရီးသည် ၇ ဦးကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက် ကုသနေတာ ဖြစ်ပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အခုလ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိထားသလို ဒေသခံ ၃၈၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တည်းကလည်း ကျိုက်ထီးရိုးဘုရားဖူးယာဥ် တောင်တက်ကားဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား အပြန်လှန်ပစ်ခတ်မှုမှာ လူထိခိုက်သေဆုံးတာ ရှိခဲ့ပါတယ်။