Home
မြန်မာသတင်း
မိုးကုတ်ကျောက်မျက်လုပ်ကွက် ၂ ခုအတွက် NUG ဖိတ်ခေါ်
DVB
·
January 26, 2023

မြန်မာ့နွေဦးတော်လှန်ရေးအတွက်ဘဏ္ဍာရန်ပုံငွေ ရှာဖွေနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် (Mining Right) ကို နိုင်ငံတော်နဲ့ အကျိုးတူဆောင်ရွက်သွားမယ့် စီမံကိန်းကို စတင်လိုက်ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်နေပါတယ်။

လတ်တလောမှာတော့ ဒီစီမံကိန်းမှာ ဘောလုံးကြီးလုပ်ကွက် အမှတ် ၁ နဲ့ ဓာတ်တော်လုပ်ကွက်အမှတ် ၂ ဆိုပြီး ဖိတ်ခေါ်ထားတာဖြစ်ကာ ရင်းနှီးမြှုပ်နှံသူတွေဘက်က ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ အစိုးရဘက်က ရှယ်ယာ ၅၁ ရာခိုင်နှုန်းစီနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ၁၀ နှစ်သက်တမ်း ချပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျယ်အဝန်း ၅၅ ဒသမ ၇၀ ဧကပေါ်မှာ တည်ရှိတဲ့ ဘောလုံးကြီးလုပ်ကွက်ကတော့ အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုးထိ အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂၃၅,၂၀၀ နဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မှာဖြစ်ကာ အကျယ်အဝန်း ၂၇ ဧကပေါ်မှာတည်ရှိတဲ့ ဓာတ်တော်လုပ်ကွက်ကတော့ အမေရိကန်ဒေါ်လာသန်း ၁၂၀ ဖိုးထိ အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂,၈၂၂,၄၀၀ နဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရောင်းချခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာထုတ်ပြန်သွားမှာဖြစ်ပြီးတော့ စိတ်ပါဝင်စားသူတွေအနေနဲ့ သိရှိလိုတဲ့ အချက်အလက်တွေ  ဝက်ဘ်ဆိုက်စာမျက်နှာ www.earlypartnership.org နဲ့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန အီးမေးလ်လိပ်စာ [email protected] တို့ဆီ ဆက်သွယ်နိုင်မယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး NUG အစိုးရကလည်း အချိန်ကာလ ၂ နှစ်နီးပါးကြာ နွေဦးတော်လှန်ရေး အောင်မြင်နိုင်ဖို့အတွက် အဘက်ဘက်က ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ ​နွေဦး​တော်လှန်​ရေးရန်ပုံ​ငွေ ရှာဖွေပေးနေရာမှာ ​ငွေတိုက်စာချုပ်ရောင်းချတာတွေ၊ အာဏာသိမ်း​စစ်ခေါင်းဆောင် မင်း​အောင်လှိုင် မတရားရယူသိမ်းပိုက်ထားတဲ့ နေအိမ်တွေနဲ့ ရန်ကုန် နဲ့ မန္တ​လေးမြို့တွေက စစ်တပ် သိမ်းယူထားတဲ့ ​မြေနေရာတွေ​ပေါ်မှာ အိမ်ရာတွေ ဆောက်လုပ်ရောင်းချမယ့် စီမံကိန်းတွေကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ​ကျော်ရရှိထားခဲ့ပြီဖြစ်တယ်လို့လည်း ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024