Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိရေး တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်ပြော
DVB
·
January 26, 2023
327177932_515354487367973_7692093846397641735_n

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုရှိအောင် တိုးမြှင့်လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်တယ်လို့  အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန  အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးနဲ့ မြန်မာ့လူ့အခွင့်အရေး အကျပ်အတည်းကိစ္စတွေ ဆွေးနွေးပြောကြားခဲ့တာလို့ နိုင်ငံခြားရေးဌာနရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က “မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေအဆုံးသတ်ပြီး စစ်မှန်အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ထူထောင်ဖို့ဟာက    စစ်တပ်ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးရွားတဲ့အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှု တိုးမြှင့်လုပ်ဆောင်ဖို့ အဓိကကျတယ်"လို့ ပြောပါတယ်။

ဒဲရက်ခ်ချောလက်ဟာ ပြီးခဲ့ဇွန်က အာဆီယံဒေသတွင်း ၃ နိုင်ငံကို ခရီးလှည့်လာစဉ် အာဆီယံနိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပေါ်ပေါ်ထင်ထင် ထိတွေ့ဆက်ဆံဖို့  တိုက်တွန်းပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ တာခ်ခရိုင်ရှိ မဲ့လဒုက္ခသည်စခန်းကို သွားရောက်ပြီး မြန်မာ ဒုက္ခသည်တွေ နေထိုင်နေရတဲ့ အခြေအနေကိုလေ့လာခဲ့သလို  မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းကိုလည်း လာရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ ယူကရိန်းမှာ အသုံးပြုနေတဲ့ ရုရှားလက်နက်တွေဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ လက်နက်တချို့နဲ့ အမျိုးအစား အတူတူပဲဖြစ်တယ်လို့ ကုလသမဂ္ဂညီလာခံမှာ ပြောကြားခဲ့ဖူးပါတယ်။

ယူကရိန်းနိုင်ငံအရေးမှာ ရုရှားအစိုးရအပေါ် အရေးယူမှုတွေ ဆောင်ရွက်ပေးသလိုမျိုး မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားဖိအားပေးဖို့အတွက် ညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ၊ လက်နက်ရောင်းချတာပိတ်ပင်မှုတွေ ပစ်မှတ်ထားပြီး အတူတကွ လုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024