Home
မြန်မာသတင်း
ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့၊ စစ်ကိုင်းနှင့် ကနီတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
January 26, 2023
327295956_1278429799763527_7630874357710028690_n
324192596_1197149234249814_6232594547379002863_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ကျေးရွာ ၅ ရွာကို ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီကနေ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်အထိ ၄ ရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံနေရတဲ့ ကျေးရွာအများစုဟာ မန္တလေး - ရွှေဘို - ဝက်လက် ကားလမ်းတလျှောက် ကျေးရွာအများစု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “ဇန်နဝါရီ ၂၃ ရက်ကနေစပြီး ရွာတွေကို မီးရှို့နေတာဗျ။ ၂၃ ရက်နေ့က မကျီးတုံကို စရှို့တယ်ဗျ။ အဲ့ရွာက ၆၅ အိမ် လောင်တယ်ဗျ။ အဲ့ရွာပြီးတော့ ပင်ဇင်းရွာကို ထပ်ရှို့တယ်ဗျ။ အဲ့ရွာက ၁၁၅ အိမ်ပါသွားတယ်။ အဲဒါပြီးတော့ မူးကြီး ထပ်ရှို့တယ်ဗျ။ မူးကြီးကတော့ အိမ်ခြေ ၁၀၀ ကျော် ပါသွားတယ်ဗျ။ အဲ့ရွာက အခုအကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်ရှို့တာဗျ။ မနေ့ညနေက ခေါ်တောရွာကို ရှို့တယ်ဗျ။ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ခင်းမှာ လိန်ပင်ရွာကို မီးရှို့နေတယ်ဗျ။ စစ်ကောင်စီက ရွာထဲက မထွက်သေးတော့ အသေးစိတ် အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လှတောရွာကနေ ခရီးသည်တင်ကားတွေနဲ့ လိုက်ပါလာပြီး ကျေးရွာတွေကို အခုလို မီးရှို့နေတာလို့ သိရပါတယ်။

စစ်ကောင်စီက ကျေးရွာတွေကို မီးရှို့သလို ဒေသခံအရပ်သား ၂ ဦးနဲ့ ရပ်‌ကျေးပအဖ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ်မှာ အနိုင်ကျင့် သတ်ဖြတ်နေတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့  စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ ဇန်နဝါရီ ၂၅ ရက် ညနေ ၅ နာရီလောက်က မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီကားဟာ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ စစ်ကိုင်း-မုံရွာသွား ကားလမ်းကို မိုင်းရှာဖွေရင်း အခုလို မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။

အခုလိုမိုင်းဆွဲတာကို သရဲနီ၊ 3D၊ စွန်ရဲ၊ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။

“မိုင်းဆွဲခဲ့တာ ကျနော်တို့အဖွဲ့တွေ လုပ်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ပထမ သူတို့က စစ်ကိုင်းကနေ မြင်းမူမြို့ဘက်ကို (--)အင်အားအများအပြားနဲ့ စစ်ကိုင်း-မုံရွာသွား ကားလမ်းမဘေးက ကျနော်တို့မိုင်းတွေ လိုက်ဖြုတ်သိမ်းတယ်။ မိုင်းပဒေသာမိုင်း ၅ လုံး သူတို့ဖြုတ်သိမ်းသွားတယ်။ အဲဒီကနေ ညောင်ပင်ဝန်းရဲစခန်းထဲ ဝင်သွားတယ်။ ညနေကြတော့ စစ်ကိုင်းမြို့ဘက်ကို ပြန်ထွက်လာတာကို ကျနော်တို့အဖွဲ့တွေ စောင့်ပြီး မိုင်းဆွဲလိုက်တယ်။ လယ်ကြီးရွာနဲ့ နတ်ခရိုင်ကြားမှာ ထပ်ထောင်ပြီး ပြန်ဆွဲခဲ့တာဗျ။ (--)၂ကောင် သေတယ်။ အထိအခိုက်လည်းရှိတယ်။”

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်း-မုံရွာသွား ကားလမ်းပိုင်းကို စစ်ကောင်စီလူကြီးတွေ ခရီးစဉ်ရှိတဲ့အခါတိုင်း အခုလို မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်လေ့ရှိပြီး သူတို့လုပ်ဆောင်တဲ့အခါတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတာကို အကြိမ်ကြိမ် ခံရကာ အထိအခိုက် အကျအဆုံးတွေနဲ့ ရင်ဆိုင်နေရတာလို့ ဒေသခံ‌တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ပျူစောထီးအင်အား ၃၀၀ ဝန်းကျင်နေထိုင်တဲ့ အလယ်ကျွန်းရွာကို ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်တွေက ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်‌ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်-DRPA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကနီမြို့က စစ်ကောင်စီတပ်သား ၂၀ ခန့်က အလယ်ကျွန်းရွာကို ရိက္ခာပို့ဖို့ ပြင်ဆင်နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လမ်းလယ်ကနေ ဖြတ်တိုက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက လမ်းမှာတင် ပြန်လှည့်ပြေးတာကြောင့် အခုလို ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပျူစောထီးရွာဘက်က အကျအဆုံးကိုတော့ မသိရသေးပေမဲ့ DRPA က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက အလယ်ကျွန်းရွာရဲ့ မုခ်ဦးနားကိုကျပြီး ကင်းစောင့်နေတဲ့ ပျူစောထီးတွေတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အခုတိုက်ပွဲက စစ်ရေးမျှော်မှန်းချက် အပြည့်အဝ မအောင်မြင်ပေမဲ့ ရိက္ခာပို့တဲ့ လမ်းကြောင်းကိုတော့ အပြည့်အဝ တားမြစ်နိုင်တယ်လို့ DRPA ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ ရိက္ခာပို့အင်အားဟာ အရင်ကထက် ၂ ဆဝန်းကျင်လောက် ‌ေလျာ့နည်းသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တန်ပြန် တိုက်စစ်ဆင်မှုတွေကြောင့် အရင်လို ပေါ်ပေါ်ထင်ထင် သွားလာနိုင်တာ မရှိတော့ဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024