Home
မြန်မာသတင်း
ပေါက်မြို့နယ် ကျေးရွာများကို စစ်တပ် မီးရှို့၊ မြိုင်တွင် စစ်တပ်ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
January 26, 2023

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပန်းတော်ကန်ကျေးရွာကို  ဇန်နဝါရီ ၂၅ ရက် ညနဲ့ ၂၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ပန်းတော်ကန်ကျေးရွာကို အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မနေ့ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှာ ဝင်ရောက်မွှေနှောက်ပြီး ည ၈ နာရီခွဲလောက်မှာ မီးရှို့ဖျက်ဆီးကာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာ ထပ်မံမီးရှို့ခဲ့ကြတာလို့ ပန်းတော်ကန်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေကတော့ ယုတ်မာချက်က ကမ်းကုန်နေပါပြီဗျာ။ ကျနော်တို့ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ တရွာပြီးတရွာ မီးရှို့ဖျက်ဆီးနေကြတာ။ အိမ်ခြေဘယ်လောက် မီးထဲပါသွားတယ် ဆိုတာကိုတော့ သူတို့စစ်ကြောင်းတွေ၊ ကင်းပုန်းတွေ ရှိနေသေးတော့ အတိအကျ မသိရသေးဘူး။”

ပန်းတော်ကန်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ရှည်(တောင်) ရွာဘက်ကို ထွက်လာတယ်လို့ သိရပြီး ဒီနေ့မနက် ၇ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။

“ဘယ်အဖွဲ့တွေနဲ့ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်။ အဲဒီစစ်(...)တွေ စစ်ကြောင်းတကြောင်းလုံး မျိုးပြုတ်ပြီး PDF ရဲဘော်လေးတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အောင်မြင်မှုရရှိဖို့ ဆုတောင်းပေးနေတယ်။”

အလားတူ ပေါက်မြို့နယ်က ကျေးရွာ ၂ ရွာကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ဇင်ရွေးခုံရွာကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဇင်ရွေးခုံရွာ ဒေသခံပြည်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၂ ရက်ကတည်းက ပေါက်မြို့နယ်တောင်ပိုင်းကို အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတဲ့အတွက် ဒေသခံပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကျားပစ်ကန်ရွာ ဒေသခံတယောက်က “ကျနော်တို့ ကျားပစ်ကန်ရွာကိုတော့ စစ်(...)စစ်ကြောင်းက ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာ။ အဲဒီ စစ်(...)စစ်ကြောင်းက ရွာစဥ်လှည့်ပြီး စစ်ကြောင်းထိုးနေလို့ ဘယ်သူမှ အနားကိုမကပ်ရဲတဲ့အတွက် အိမ်ခြေ ဘယ်လောက် မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကို အတိအကျ မသိရသေးဘူး။”

ဒါ့အပြင် အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပန်းတော်ကန်ရွာနားက လျှပ်စစ်ထရန်စဖော်မာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့လို့ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် စမ်းရေခုံကျေးရွာကိုလည်း ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မီးရှို့ခံရတဲ့ မြို့နယ်ဖြစ်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်း စစ်ကောင်စီစစ်ကြောင်းနဲ့  ရိက္ခာပို့တဲ့ကားတန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းကနေ ကျောက်ခွက်ရေနံမြေ Well2 စစ်ကောင်စီစခန်းကို ရိက္ခာသွားပို့တဲ့ အင်အား ၇၀ လောက်ပါ စစ်ကြောင်းနဲ့ ဖောကား ၄ စီးကို ဇန်နဝါရီ ၂၅ ရက် မနက် ၅ နာရီလောက်က ဂွေးကုန်းကျေးရွာနားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းပွိုင့် ၂ ခု၊ မိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်လောက် ဒဏ်ရာရရှိပြီးနောက် တောင်ရိုးကျေးရွာနားမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပ.က.ဖ တပ်ရင်း-၁ က တပ်စိတ်တစိတ်နဲ့ ဘာမထီ လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကိုင်းတောမနဲ့ Well2 လမ်းပိုင်းတနေရာမှာပဲ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ ရှေ့ပြေးကင်းကို မြိုင် ပ.က.ဖ နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေ၊ မိုင်းတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် Well2 စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၃ ရက် ညနေကလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024