ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ကြယ်စင်ကွင်းမှာ ကိုးကန့်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဟိန်းလီကုမ္ပဏီအုပ်စုက ဦးစီးပြီး ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက် ညနေပိုင်းက ကျင်းပပါတယ်။
အဲဒီနှစ်သစ်ကူးပွဲမှာ တေးဂီတဖျော်ဖြေရေးပွဲတွေ ထည့်သွင်းထားပြီး အဆိုတော်တွေကို ဖိတ်ခေါ်ကာ ဖျော်ဖြေသူတွေအနေနဲ့ တယောက်ကို တရုတ်ယွမ်ငွေ ၁ သိန်းနီးပါး (မြန်မာငွေ သိန်း ၄၀၀ ဝန်းကျင်) ပါတဲ့ ဟုန်ပေါင် အပါအဝင် သိန်း ၆၀၀ လောက် ရခဲ့ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
လောက်ကိုင်မှာ ဖျော်ဖြေတာက ပိုက်ဆံလည်း အရမ်းရသလို လာရောက်အားပေးတဲ့ ပရိသတ်တွေကလည်း ကွင်းလုံးပြည့်ဖြစ်ပြီး လောက်ကိုင်က ငြိမ်းချမ်းသလို ဖြစ်နေတယ်လို့ လောက်ကိုင်မြို့မှာ အလုပ်လာရောက်လုပ်ကိုင်သူတဦးက ပြောပါတယ်။
အဲဒီပွဲကျင်းပတဲ့ ဟိန်းလီကုမ္ပဏီအုပ်စုဟာ ဒေသတွင်း နံပါတ် ၃ အကြီးဆုံးဖြစ်တဲ့ လုပ်ငန်းစုဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ အနှိပ်ခန်း၊ အလှအပဝန်ဆောင်မှုလုပ်ငန်း၊ ကလပ်၊ KTV၊ ဘားတွေအပြင် အွန်လိုင်းကနေ နိုင်ငံခြားသားတွေကို ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေသာမကဘဲ လောင်းကစားလုပ်ငန်းတွေပါ လုပ်ကိုင်နေတဲ့ကုမ္ပဏီ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ပြည်မကနေ လောက်ကိုင်မြို့ကို လာရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေပါတယ်။