DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်ရှိ စစ်ဘေးရှောင်စခန်းများအား ရိက္ခာထောက်ပံ့မှု စစ်ကောင်စီတားမြစ်
DVB
·
January 25, 2023
ဘူးသီးတောင်ရှိ စစ်ဘေးရှောင်စခန်းများအား ရိက္ခာထောက်ပံ့မှု စစ်ကောင်စီတားမြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေကို လူကယ်ပြန်ဝန်ကြီးဌာန အပါအဝင် INGO၊ NGO တွေနဲ့ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေပါ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာထောက်ပံ့မှုတွေ မပေးဖို့ စစ်ကောင်စီက တားမြစ်ထားတယ်လို့ ဘူးသီးတောင် စစ်ဘေးရှောင်တာဝန်ရှိတွေဆီက သိရပါတယ်။

ဘူးသီးတောင်မြို့ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်ဝင်းက “၂၀၂၂ ခုနှစ် အောင်တိုဘာလကတည်းက ရိက္ခာထောက်ပံ့ကူညီမှု ဘာမှမရှိတော့ဘူး။ လက်ရှိမှာ ဒုက္ခသည်တွေက ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရတယ်။ တခြား လူမှုအဖွဲအစည်းတွေ၊ INGO နဲ့ NGO အဖွဲ့တွေက ဘာတခုမှ ထောက်ပံ့ပေးတာ မရှိတော့ဘူး။ သူတို့ကူညီမှုတွေလာပေးမယ်ဆိုရင်လည်း နယ်လုံဝန်ကြီးအထိ ခွင့်ပြုချက်တင်ကြရတယ်။ နယ်လုံက ခွင့်ပြုလိုက်သည့်တိုင် ခရိုင်နဲ့ မြို့နယ်ထွေအုပ်အထိ ဆက်တင်ပြရသေးတယ်။ သူတို့ကိုတင်ပြပြီးမှသာ IDP စခန်းကို ဝင်လို့ရတာ။ IDP စခန်းကို ရောက်လာရင်လည်း စခန်းတာဝန်ခံတွေက ဘယ်အဖွဲ့အစည်းက ဘာတွေပေးမယ်၊ ဘာပစ္စည်းတွေထောက်ပံ့မယ်၊ ဘယ်သူပါတယ် ဆိုတာကို ကြိုတင် တင်ပြရတယ်။ အဲ့ဒီလိုအခက်အခဲတွေကြောင့် ကူညီထောက်ပံ့မှုတွေ လုံးဝမရှိတော့တာ” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၄ ခုကို လူကယ်ပြန်က လူတဦး တနေ့ ဆန်နို့ဆီဘူး ၂ ဘူးကျစီ ထောက်ပံ့နေတာနဲ့ INGO၊ NGO အဖွဲ့တွေရဲ့ ရိက္ခာထောက်ပံ့မှုတွေ ရရှိခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး ရိက္ခာထောက်ပံ့မှုအားလုံးကို စစ်ကောင်စီက တားမြစ်ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို ဘူးသီးတောင်မြို့ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တားဆီးပိတ်ပင်ထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက အခုလို ထောက်ပြပါတယ်။

“ဒီစစ်အစိုးရဟာ ကျနော်တို့ ရခိုင်ပြည်သူလူထုကို အငတ်ဘေးဆိုက်အောင်၊ ဒုက္ခအမျိုးမျိုးရောက်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတယ်။ အခုလို အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာတောင်မှ ဒီလိုလုပ်ဆောင်နေတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြင်တယ်။ ဒီလိုမဖြစ်သင့်ပါဘူး။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကွန်ဗန်းရှင်းတွေမှာလည်း ဒီလိုလုပ်ရပ်မျိုးမရှိဘူး။ ဒီလိုလုပ်ဆောင်နေတာက အလွန်တရာမှ စက်ဆုတ်ရွံရှာစရာ ကောင်းနေတယ်။”

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲပြီးနောက် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ စတဲ့ စစ်ဘေးရှောင်စခန်းတွေကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေရဲ့ လူသားချင်းစာနာထောက်ပံ့မှုတွေရရှိနေပေမဲ့ ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်တွေဟာ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ပေးလှူတဲ့ ဆန်တွေမှအပ ရိက္ခာနဲ့ ကူညီထောက်ပံ့မှု အားလုံးကို စစ်ကောင်စီက တားမြစ်ထားပါတယ်။

တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ခန့်က နေရပ်စွန့်ခွာနေကြရပြီး စစ်ဘေးရှောင်စုရပ် ၂၀ ကျော်ရှိကာ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေဖြစ်ကြတဲ့ လမ်းမကျောင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းနဲ့ မြတောင်ကျောင်းစစ်ဘေးရှောင်စခန်း စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၃,၀၀၀ ကျော် နေထိုင်နေပါတယ်။

စစ်ဘေးရှောင်စခန်းတွေရဲ့ ပြင်ပမှာ စစ်ဘေးရှောင်ဦးရေ ၂၈,၁၈၂ ဦး နေထိုင်နေတယ်လို့ ထွေအုပ်စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013