
ရန်ပုံငွေအခက်အခဲကြောင့် ရပ်နားထားရတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲရဲ့ အခမဲ့ အရေးပေါ်လူနာတင်ယာဥ် ဝန်ဆောင်မှုကို ဇန်နဝါရီ ၂၄ ရက်က စပြီး ပြန်လည်စတင်နေပြီလို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း ၂၄ နာရီ အရေးပေါ်လူနာသယ်ယူရေး အခမဲ့ကူညီပေးနေတဲ့ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲဟာ ကားပြင်ဆင်စရိတ်တွေနဲ့ ဆီဖိုးအတွက် လိုအပ်တဲ့ ရန်ပုံငွေ မရှိတာ၊ အရေးပေါ်လူနာတင်ယာဥ် ဝန်ဆောင်မှုကို ဦးဆောင်မယ့်သူမရှိဘဲ ဖြစ်ခဲ့တာတွေကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကစပြီး အရေးပေါ်လူနာတင်ယာဥ် ဝန်ဆောင်မှုကို ယာယီရပ်နားခဲ့ရတာပါ။
ရန်ပုံငွေအခက်အခဲတွေ ဆက်ရှိနေသေးတာကြောင့် အရေးပေါ်လူနာတင်ယာဥ် ဝန်ဆောင်မှုကို အပြည့်အဝတော့ လည်ပတ်နိုင်မှာ မဟုတ်သေးဘူးလို့ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“၂၄ နာရီဝန်ဆောင်မှုက ထားဝယ်မြို့အတွင်းမှာပဲ လုပ်နိုင်ဦးမယ်။ ရွာတွေဘက်က လူနာတွေကိုတော့ ရွာခံအရေးပေါ်ကားတွေနဲ့ သယ်လာခိုင်းပြီး ကျနော်တို့က မြို့အဝင်ဂိတ်ကနေပဲ တဆင့်သယ်ပေးမယ်။ စစ်ဆေးရေးဂိတ်တွေကို ကျော်ပြီး မြို့အပြင်ထိတော့ ကျနော်တို့ ထွက်သယ်ပေးနိုင်မှာ မဟုတ်သေးဘူး။ ရွာတွေဘက်အထိ ဆင်းဖို့ ကျနော်တို့မှာ ရန်ပုံငွေ အလုံအလောက် မရှိသေးဘူး။”
ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲဟာ အရင်ကတည်းက အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့သာ ရပ်တည်လာခဲ့တာဖြစ်ပြီး ဆက်လက်ရပ်တည်နိုင်ဖို့အတွက်လည်း အလှူငွေကိုသာ အားထားရမယ်လို့ သူက ဆက်ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်တို့က ကျေးရွာ ဒေသခံတွေဟာ ထားဝယ်မြို့ကို ညဘက် အရေးပေါ်လူနာတင်ပို့နိုင်ဖို့ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲကိုသာ အားထားနေရပြီး တခြားအရေးပေါ်လူနာကူညီရေးအဖွဲ့တွေကို အကူညီတောင်းခံရင်လည်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲကိုသာ လွှဲပြောင်းပေးလေ့ ရှိပါတယ်။
လောင်းလုံးမြို့နယ်အတွင်းရှိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူ တဦးကတော့ “ညဘက်တွေကတော့ လုံခြုံရေးအရ ထားဝယ်မြို့ပေါ်ထိ လိုက်မပို့ရဲဘူး။ စစ်ဆေးရေးဂိတ်တွေ ဖြတ်ခွင့်မပေးတာတော့ မဟုတ်ဘူး။ လုံခြုံရေးအခြေအနေအရ ချင့်ချိန်ပြီးပဲ လုပ်နေရတာ” လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း အရေးပေါ်လူနာနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အခမဲ့ ကူညီလုပ်ဆောင်ပေးနေတဲ့ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကလည်း စက်သုံးဆီနဲ့ ရန်ပုံငွေအခက်အခဲတွေကြောင့် ၂၀၂၂ ခုနှစ် သြဂုတ် ၁၁ ရက်ကနေစပြီး ၁၀ ရက်ကျော်ကြာ ယာယီရပ်နားခဲ့ရပါသေးတယ်။