
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ ကညင်အိုင်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်နဲ့ တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကေအန်ယူ သထုံခရိုင်က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဇန်နဝါရီ ၂၄ ရက်က ကညင်အိုင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံ ဦးလှိုင်ဝင်းရဲ့ နေအိမ်နဲ့ တဲ ၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။
ဒေသခံတွေ နေအိမ်တွေကို တိုက်ပွဲမရှိဘဲ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၀၇ တပ်ရင်း ဖြစ်တယ်လို့ ကေအန်ယူက ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ဝင်းဒက်ကွင်းနဲ့ ကျောက်မိုင်းတွေဘက်မှာ ဝင်ရောက် တပ်စွဲထားတဲ့အတွက် နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝင်းကံ၊ ဇီးပြောင်း၊ ပျဉ်းကတိုးကုန်း၊ ခရွဲကျေးရွာအုပ်စုက ဒေသခံ ၃,၈၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်ကနေ ၂၃ ရက်အထိ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရှိထားတယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။