Home
မြန်မာသတင်း
ကျုံဒိုးတွင် တိုက်ပွဲပြင်းထန်၊ ကျေးရွာတချို့ မီးလောင်ပြီး ဒေသခံများ ထွက်ပြေး
DVB
·
January 25, 2023
Kyone Doe war victims
Kan Ni village fire by SAC
327265006_542368737652188_5937514979135704736_n

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့အနီးမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေတာကြောင့် ကမ်းနီ၊ သရက်တောနဲ့ မိကလုံ စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီးကျရောက် နေအိမ်တွေ မီးလောင် ပျက်စီးပြီး  ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဇန်နဝါရီလ ၂၄ ရက် မနေ့ ညနေပိုင်း ကျုံဒိုး ကမ်းနီရွာရှိ နေအိမ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ တဆင့်သိရပါတယ်။ 

ဒေသခံအမျိုးသမီးတယောက်က “ကတိုးကော့နပ် ကော့ဘိန်းကော့မွန်ရွာတွေဘက်မှာ အခုညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ လူနေအိမ်တွေ ထိမှန်ခဲ့တယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်ထိမှန်တဲ့ ကမ်းနီကျေးရွာရှိ နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အိမ်ဘယ်နှစ်အိမ်လောင်သွားသလဲဆိုတာ မသိရသလို ဒေသခံတွေ ဘေးလွတ်ရာကို ပြေးပုန်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံဒိုးမြို့နယ်၊ ကမ်းနီကျေးရွာမှာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မနေ့က ကျုံဒိုး - ညောင်ရိပ်သာဒေသဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၄၄  လက်အောက်ခံတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ၅ ဦး ထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီလို တိုက်ပွဲဖြစ်ပြီးနောက် ညနေပိုင်းမှာတော့ ကျုံဒိုး ကမ်းနီရွာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံဒိုးမြို့ စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ပြီးတဲ့နောက် ရက်ဆက်ဆိုလို တိုက်ပွဲတွေ ဖြစ်လာခဲ့ပါ တယ်။ 

တိုက်ပွဲတွေကြောင့် ကျုံဒိုးမြို့ပေါ် အပါအဝင် ကမ်းနီနဲ့ အနီးနားကျေးရွာက ဒေသခံ ၃,၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဘုရားသုံးဆူမြို့မှာလည်း ဇန်နဝါရီ ၂၃ ရက်ညက မြို့ပေါ်ရှိ  ရုံးပေါင်းစုံဝင်းကို ဗိုလ်လင်းယုန် ဦးဆောင်တဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024