
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ မြို့ဦးကျောင်းရှေ့မှာ ဇန်နဝါရီ ၂၅ ရက် ဒီကနေ့မနက်က နေအိမ် ၄ လုံး မီးလောင်သွားပြီး အိမ်ထောင်စု ၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။
ဒီကနေ့မနက် ၈ နာရီခွဲလောက်က ၅ ခန်းတွဲပါ နေအိမ် ၁ လုံးရဲ့ အခန်း ၁ ခန်းကနေမီးစတင် လောင်ကျွမ်းပြီး မြို့နယ်မီးသတ်တပ်ဖွဲ့က ကား ၄ စီး၊ ရေတိုင်ကီ ၆ စီးနဲ့ လာရောက် ငြှိမ်းသတ်ခဲ့သလို လူမှုကူညီရေးအဖွဲ့နဲ့ ရပ်ကွက်ထဲကလူတွေ ဝိုင်းဝန်းငြှိမ်းသတ်ရာမှာ မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း အထွေထွေအတွင်းရေးမှူး ကိုမင်းရာဇာကျော်က ဒီဗွီဘီကို ပြောပါတယ်။
“၅ ခန်းတွဲအိမ်ကနေ စလောင်ပြီး ဘေးအိမ်တွေကူးသွားတာပါခင်ဗျ။ ၅ ခန်းတွဲက ထရံကာ အိမ်ဖြစ်ပြီး ဘေးအိမ် ၃ လုံးက နှစ်ထပ်ပျဉ်ထောင်အိမ်တွေဖြစ်ပါတယ်။ မီးကူးတာ မြန်တော့ အားလုံးလောင်သွားတယ်။ အထဲကပစ္စည်းတွေ နိုင်သလောက်သယ်ထုတ်လို့ရတာတွေပဲ ပြန်ရ တယ်။”
မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့ အိမ်ထောင်စုပေါင်း ၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကစိစစ်နေဆဲ ဖြစ်ပါတယ်။