Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပွားပြီးနောက် ဘုရားသုံးဆူမြို့ပေါ်ဆိုင်အားလုံးပိတ်ထားရ
DVB
·
January 24, 2023

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ  ဇန်နဝါရီ ၂၃ ရက် မနေ့ညက တိုက်ပွဲဖြစ်ပွားပြီး  စစ်ထောက်လှမ်းရေးရုံး (စရဖ)အပါအဝင် စစ်ကောင်စီရုံးတွေ တိုက်ခိုက်မီးရှို့ခံရပြီးနောက် ဒီကနေ့ မြို့ပေါ်ဈေးဆိုင်အားလုံး ပိတ်ထားကာ တိုက်ပွဲတွေ ဆက်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“မနက်ကတော့ ဈေးလေးတချက်ဖွင့်တယ်။ ဆိုင်သေးသေးလေးတွေ ကဗျာကယာ ရောင်းဝယ်ပြီးတော့ ဈေးသည်လည်း တယောက်မှမရှိတော့ဘူး။ နေ့လယ် ၁၂ နာရီလောက်မှာ လိုက်ပြောတယ်။ မဖွင့်နဲ့ဆိုတော့ အကုန်လုံးပိတ်လိုက်ပြီ။ ဆိုင်သေးကော၊ ဆိုင်ကြီးကော ဘာမှမရှိတော့ဘူး။”

မနေ့ညက မီးရှို့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတဦးက “အသေအပျောက်က လုံးဝမသိရဘူး။ အကုန်လောင်သွားတာကိုး။ ရှိရင်လည်း အပြင်ကပစ်ပြီး မီးရှို့လိုက်တယ်ဆိုတော့ သင်္ဂြိုဟ်ပြီးပဲ။ အဲတော့ ဘယ်နှယောက်ရှိမှ သိဖို့မလွယ်ဘူးလေ။ အဲဒီနေရာတွေကလည်း သဲအိတ်တွေနဲ့ အသေပိတ်ထားတဲ့နေရာတွေ။ သံဆူးကြိုးတွေ သဲအိတ်တွေနဲ့ ပိတ်ထားတဲ့နေရာကို ရအောင်ဝင်ပြီးတော့ ရှို့တာ”လို့ပြောပါတယ်။

ဘုရားသုံးဆူမြို့ပေါ်မှာ မနေ့ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီလောက်က မြို့တွင်းတိုက်ပွဲတွေ ဖြစ်နေသလို စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးရုံး (စရဖ)၊ ထွေအုပ်ရုံးနဲ့ လဝကရုံးတွေကို KNLA နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီလိုဖြစ်ပွားပြီး ည ၁၁ နာရီလောက်မှာ‌တော့ စစ်ကောင်စီလေယာဉ်တွေ လာရောက်ပြီး ဘုရားသုံးဆူနဲ့ ကြားအင်းဆိပ်ကြီးမြို့နယ်ကြားထဲက စစ်မြေပြင်တွေမှာ ဗုံးကြဲသွားခဲ့သလို ဘုရားသုံးဆူမြို့ နဂါးနီတောင်ကုန်းပေါ်မှာလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ အမှတ် ၉၀၃ အခြေချတပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချခဲ့လို့ ဒီကေဘီအေတပ်သား ၂ ဦး ဒဏ်ရာရပြီး ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024