DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ဆင်းရဲချမ်းသာကွာဟမှု စိုးရိမ်စရာရှိဟု သမ္မတအကြံပေးပြော
DVB
·
May 30, 2014
မြန်မာပြည် ဆင်းရဲချမ်းသာကွာဟမှု စိုးရိမ်စရာရှိဟု သမ္မတအကြံပေးပြော
Donate to DVB

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ကျော်ထဲက ၂၀ ရာခိုင်နှုန်းရှိတဲ့ လူဦးရေရဲ့ ပိုင်ဆိုင်မှုက တပြည်လုံးမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိလို့ ဆင်းရဲ၊ ချမ်းသာကွာဟမှုက စိုးရိမ်စရာ ရှိတယ်လို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေး ဒေါက်တာ အောင်ထွန်းသက်က သတိပေးပြောကြားလိုက်ပါတယ်။

Dr aung tun thetမနေ့က ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (ယူအန်အက်ဖ်စီစီအိုင်)မှာ စီးပွားရေးဆိုင်ရာနဲ့ စပ်လျဉ်းပြီး သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က Inclusive Green Economy ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

ဒေါက်တာအောင်ထွန်းသက်က “မြန်မာပြည်မှာ အခုတွေ့နေရတယ်။ ဆင်းရဲတဲ့သူတွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေချိန်မှာ ချမ်းသာတဲ့သူတွေကလည်း ကျိကျိတက် ချမ်းသာတယ်။ ချမ်းသာတဲ့သူတွေအတွက် ကောင်းတယ်၊ ၀မ်းသာစရာပဲ။ ဒါပေမယ့် ဆင်းရဲတဲ့သူတွေအတွက်တော့ စိုးရိမ်စရာပဲ။ ဆင်းရဲချမ်းသာမှု များလာရင် စီးပွားရေး မဟုတ်တော့ဘူး။ နိုင်ငံရေးပါလာပြီ။ ဘာကြောင့်လဲ မရှိတဲ့သူက များလာတယ်။ ရှိတဲ့သူက နည်းလာတယ်။ အခု ကမ္ဘာဘဏ်တို့က ဆင်းရဲချမ်းသာမှုကို တိုင်းနေပြီ။ အဲဒီ ဆင်းရဲချမ်းသာမှု တိုင်းတာမှု အဖြေရရင်တော့ ဘယ်လောက်ကွာလည်းရပြီ။ အများအားဖြင့် အကြမ်းဖျင်းပြောရင် ၈၀ - ၂၀ ပြောလို့ရတယ်။ ၈၀ - ၂၀ က ဘာလဲလို့ ပြောရင် မြန်မာပြည်မှာ ရှိတဲ့ သန်း ၆၀ ထဲက ၂၀ ရာခိုင်နှုန်းဟာ မြန်မာပြည်မှာရှိတဲ့ ပိုင်ဆိုင်မှု အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်တယ်” လို့ ပြောပါတယ်။

ဒါကြောင့် စီးပွားရေးတိုးတက်ဖို့အတွက် အရင်ပုံစံအတိုင်း ဆောင်ရွက်လို့ မရတော့ ကြောင်း သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“အဖွဲ့အစည်းတွေ အားနည်းတော့ အစိုးရဌာနတွေ အားနည်းတော့ ဘာဖြစ်လဲ လူတွေ ပိုဆင်းရဲလာတယ်။ ဈေးကွက်တွေ အားနည်းတော့ လူတွေ ပိုဆင်းရဲလာတယ်။ ဒါကြောင့်မို့ ကျနော်တို့ စဉ်းစားတာဘာလဲဆိုတော့ သမားရိုးကျနည်းနဲ့ စီးပွားရေး တိုးတက်အောင် လုပ်လို့တော့ မရဘူးဆိုတာ သိလာတယ်။ ခေါက်ရိုးကျိုးတဲ့ ပုံစံနဲ့ စီးပွာရေး တိုးတက်အောင် လုပ်လို့မရတော့ဘူး။ တခုလုပ်ရမယ်၊ အဲဒီတခုသည် Inclusive Green Economy။ နိုင်ငံတကယ်တိုးတက်ချင်ရင်၊ မြန်မာပြည်တိုးတက်ချင်ရင် Inclusive ဖြစ်ရမယ်။ ဒါကြောင့် အားလုံး ပါဝင်ဖို့ လိုတဲ့အပြင် လှုမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိတဲ့ green economy ဖြစ်ဖို့ပဲလိုတယ်”

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ) ကတော့ မြန်မာနိုင်ငံမှာ ဆင်းရဲနွှမ်းပါးမှုနဲ့ စားနပ်ရိက္ခာ ဖူလုံရေးဟာ အရေးကြီးတဲ့ စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းနဲ့ လူ ၄ ယောက်မှာ ၁ ယောက်ဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရကတော့ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ လက်ရှိ ရှိနေတဲ့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားဖို့ ရည်မှန်းထားရှိပေမယ့် လတ်တလောမှာ သိသာတဲ့အောင်မြင်မှုတော့ မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013