Home
မြန်မာသတင်း
မတ္တရာတွင် လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
lusane
·
January 23, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာနဲ့ ကျုံးကျေးရွာက ဒေသခံလူငယ်သုံးဦးအား  စစ်အုပ်စုက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့မှာ အလောင်းပြန်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်တောင်းကျေးရွာက ပျူစောထီးတဦး ရှင်းလင်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး ကျုံးကျေးရွာက လူငယ်တဦးနဲ့ လွန်တောင်းကျေးရွာက လူငယ်နှစ်ဦးကို စစ်အုပ်စုက ဇန်နဝါရီ ၂၁ ရက်က စွပ်စွဲဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတဦးက “ဒလန်သတ်ပြီးတော့ နောက်ရက်ကျ လာပြီးတော့ ကလေးတွေ ဖမ်းတာ၊ ကျုံးရွာကတယောက်၊ လွန်တောင်းက နှစ်ယောက်တဲ့၊ ကျုံးရွာက ကောင်လေးတော့ ခြေထောက်လက်တွေ ဖြတ်ပစ်တာပေါ့။ ဒါပေမဲ့ သတ်တာ သတ်တာပဲ။ လွန်တောင်းက နှစ်ယောက်လည်း သေသွားတယ်။ အဲ့ကလေးတွေက အပြစ်မဲ့ ကလေးတွေပေါ့။ သတ်သွားတာက တခြားပေါ့” လို့ ပြောပါတယ်။

လွန်တောင်းရွာက လူငယ် ၂ ဦးဟာ PDF တွေ မဟုတ်ဘဲ ကျုံးရွာကလူငယ်ကတော့ Local PDF အဖွဲ့တခုမှာ ပါဝင်ခဲ့သူတဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ အဆိုပါကျေးရွာတွေမှာ အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ခံနေတယ်လို့လည်း သိရပါတယ်။

မတ္တရာနယ်ခံတဦးက “အဲ့နေ့က တရွာလုံး ထွက်ပြေးကြတာတဲ့။ အဲ့နေ့ကလာတော့ ကလေးတွေက ဘုမသိ ဘမသိနဲ့ လူငယ်တွေဆိုတော့လေ၊ ကိုယ့်လမ်းကိုယ်သွားတာ၊ ကိုယ်မှ ဘာမှမလုပ်တာဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့သွားတာပေါ့။ ဒါကို ဒလန်သတ်မှုနဲ့ သူတို့ပဲ လွှဲချလိုက်တာပေါ့။ တရွာလုံးကလည်း ယူကျုံးမရဖြစ်နေတာ။ မတ္တရာခေါ်သွားတာ၊ မတ္တရာမှာ သတ်ပြီးတော့ ရင်ခွဲရုံလာယူခိုင်းတာ” လို့ ပြောပါတယ်။

သူတို့သုံးဦးကို စစ်အုပ်စုက သတ်ဖြတ်ပြီးနောက် မတ္တရာမြို့ရင်ခွဲရုံမှာထားကာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြန်ယူခိုင်းခဲ့ကြောင်း၊ ကျုံးကျေးရွာက အသတ်ခံရတဲ့ လူငယ်ကိုတော့ ဒီနေ့ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် ဒီနေ့လည်း ကျောက်ဆည်လေးရွာနားမှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေသလို တောင်ပြုံးကျေးရွာထိပ် ကားလမ်းမပေါ်မှာ အစစ်အဆေး တင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024