
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်ကနေ ၂၃ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့တယ်လို့ CDF-မင်းတပ်က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ ၁ ကြိမ်၊ ဇန်နဝါရီ ၂၁ ရက် ည ၁၂ နာရီလောက်မှာ ၂ ကြိမ်နဲ့ ၂၃ ရက် မနက်ပိုင်းမှာ ၃ ကြိမ် တိုက်ခိုက်ခဲ့တာလို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
စွန်တောင်ကျေးရွာထဲကို ဒီနေ့ ဇန်နဝါရီ ၂၃ ရက် မနက် ၃ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့ ဒေသခံတယောက်က ပြောပါတယ်။
မင်းတပ်မြို့နယ် စွန်တောင်ရွာမှာ ဇန်နဝါရီ ၂၁ ရက် ညသန်းခေါင်ကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ မိမိတို့အိမ်အနီးနားမှာ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပြည့်မီတဲ့ ပုန်းခိုကျင်းတွေ တူးထားကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကို သတိထားကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။