DVB Logo
Home
မြန်မာသတင်း
UG လူငယ် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ငွေတောင်စားသောက်ဆိုင်အား တိုက်ခိုက်ချေမှုန်းမည်ဟု FLA သတိပေး
DVB
·
January 23, 2023
UG လူငယ် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ငွေတောင်စားသောက်ဆိုင်အား တိုက်ခိုက်ချေမှုန်းမည်ဟု FLA သတိပေး
Donate to DVB

ရန်ကုန် UG လူငယ် ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အဲဒီဆိုင်မှာ သွားမစားဖို့နဲ့ သွားလာစားသောက်နေတဲ့သူတွေကိုလည်း ထောက်ထားညှာတာမှာ မဟုတ်ဘူးလို့ Freelance Attack Force - FLA က သတိပေးလိုက်တယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၂၁ ရက်က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လာတဲ့ UG ရဲဘော် လူငယ်တဦးကို  ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်လို့ ကျဆုံးခဲ့တဲ့အပေါ် ပြန်လည်ချေမှုန်းသွားမယ်လို့ FLA က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

FLA တာဝန်ခံက “ကျနော်တို့အဖွဲ့က မစ်ရှင်သွားလုပ်တာ၊ အပြန်မှာ တယောက်ကိုမိသွားတယ်။ ဆိုင်ကဝန်ထမ်းတွေနဲ့ ရပ်ကွက်ထဲက ဝိုင်းရိုက်တာ၊ အဲဒီဆိုင်က တုတ်တွေထုတ်ပေးတာ။ ဖြစ်ဖြစ်ချင်းကကျဆုံးတာ မသေချာသေးသလို မကျဆုံးဘဲ ထုတ်ပြန်လိုက်ရင် ပိုအန္တရာယ်များလို့ပါ။ ပြီးတော့ ကျနော်တို့ရဲဘော်ကိုလည်း ပြန်လိုချင်လို့ပါ။ ကျနော်တို့အဖွဲ့အနေနဲ့ အတော်လေး ယူကျုံးမရလည်းဖြစ်မိတယ်” လို့ ပြောပါတယ်။

အဆိုပါနေ့က တိုက်ခိုက်မှုအပြီး FLA က ရဲဘော်တွေ ပြန်လည်ဆုတ်ခွာလာချိန်မှာ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးမှာရှိတဲ့ ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေနဲ့ ရပ်ကွက်ထဲကလူတချို့ ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးမှုကြောင့် FLA က ရဲဘော်ချောကလက် (ခ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်က မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးကလည်း “ကျနော်တို့ အကုန်လုံးကို သတိပေးထားတယ်။ အဲဒီဆိုင်မှာ သွားမစားဖို့၊ မသွားလာကြဖို့ အရင်ပြောမယ်။ ပြောထားပြီးရက်နဲ့ သွားလာစားသောက်နေတဲ့သူတွေကိုတော့ ကျနော်တို့ဘက်က ထောက်ထားညှာတာမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

FLA နဲ့ ရန်ကုန်က တခြားသော မြို့ပြပြောက်ကျားအဖွဲ့တွေက ငွေတောင်စားသောက်ဆိုင်ကို တုံ့ပြန်မယ့်စာတွေ အသီးသီးထုတ်ပြီး ပြည်သူတွေအနေနဲ့ ငွေတောင်စားသောက်ဆိုင်ကို သွားရောက်အားမပေးဖို့နဲ့ အနီးအနားကို ပျော်ပါးသွားလာတာတွေ မပြုလုပ်ကြဖို့လည်း သတိပေး တားမြစ်ထားပါတယ်။

ငွေတောင်စားသောက်ဆိုင်ကိုရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီးနောက် ဖမ်းဆီး ခံလိုက်ရတဲ့ UG လူငယ် တယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဖမ်းဆီးသတ်ဖြတ်ရာမှာ ပါတဲ့ ငွေတောင်ဆိုင်ကို ဒီနေ့ပိတ်ထားတယ်လို့ အနီးဝန်းကျင်နေ ဒေသခံတွေက ပြောပါတယ်။

ငွေတောင်စားသောက်ဆိုင်ပိုင်ရှင်ရဲ့သားဟာ ဗိုလ်ကြီးအောင်ခိုင်ဝင်း ဖြစ်တယ်လို့သိရပြီး လတ်တလောမှာ စားသောက်ဆိုင်ပင်မခန်းမကို ပိတ်ထားပေမဲ့ ပါဆယ်လာဝယ်သူတွေကို စားပွဲခုံချကာ ရောင်းချပေးနေတဲ့အတွက် လာရောက် အားပေးသူတချိ့ရှိနေပါတယ်။

စားသောက်ဆိုင်အနီး ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရဲကားတစီး ရပ်ထားပြီး လုံခြုံရေး ယူထားပေးထားသလို ပတ်ဝန်းကျင်မှာလည်း အရပ်ဝတ်နဲ့ ကင်းပုန်းတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013