
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုအခြေစိုက်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၉ နာမည်ကို အသုံးပြုပြီး အလှူခံတာ၊ ပစ္စည်းတွေတောင်းခံတာ၊ အလှူငွေတွေကိုလည်း ကိုယ်ကျိုးအတွက် အသုံးပြုနေတာတွေ ရှိနေတယ်လို့ တပ်ရင်း-၉ တာဝန်ရှိသူက ပြောပါတယ်။
တပ်ရင်း-၉ အနေနဲ့ Project နဲ့ Challenge တွေ ပြုလုပ်ရာမှာ အလှူငွေ အနည်းငယ်သာရရှိပြီး တပ်ရင်းအတွက် များစွာထိခိုက်နေတယ်လို့ ဆိုပါတယ်။
KNDF တပ်ရင်း-၉ မှ တာဝန်ရှိသူက “ကျနော်တို့က အမြဲတမ်း အလှူမခံပါဘူး။ တခါတလေ Project နဲ့ Challenge တွေလုပ်ရင် အလှူငွေကျသွားတယ်။ တော်တော်များများက တပ်ရင်း နာမည်သုံးပြီး အလှူခံနေတာ။ ပြီးရင် အလှူငွေက တပ်ရင်းကိုပြန်မရောက်ဘဲ ကိုယ်ကျိုးအတွက် အသုံးပြုနေတာတွေ ရှိနေတယ်။ နောက်တန်းမှာ ရိက္ခာပိုင်းနဲ့ လက်နက်ခဲယမ်းပိုင်း အရမ်းအခက်အခဲ ဖြစ်သွားတယ်” လို့ ဒီဗွီကို ပြောပါတယ်။
တပ်ရင်း-၉ နာမည်သုံးပြီး အလှူလာခံတာ၊ ပစ္စည်းတောင်းခံတာတွေ ပြုလုပ်လာရင် အလှူရှင်တွေအနေနဲ့ KNDF တပ်ရင်း-၉ ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို လာရောက်အကြောင်းကြားပေးစေချင်ပါတယ်လို့ မေတ္တာရပ်ခံထားပါတယ်။