DVB Logo
Home
မြန်မာသတင်း
CDM မူဝါဒအပေါ် သဘောထားအမြင်ကွဲလွဲမှုများရှိနေ
DVB
·
January 23, 2023
CDM မူဝါဒအပေါ် သဘောထားအမြင်ကွဲလွဲမှုများရှိနေ
Donate to DVB

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းအပေါ် ထောက်ခံကြိုဆိုကြတာတွေရှိသလို လက်တွေ့မကျဘူလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။

JCC – CDM က ရေးသားပြုစုထားတဲ့ CDM နိုင်ငံ့ဝန်ထမ်း မူဝါဒစာတမ်းကို အခြေခံပြီး NUCC ကလည်း CDM တွေကို မှတ်တမ်းတင်ဂုဏ်ပြုတာ၊ နစ်နာတာတွေကို ပြန်ကုစားပေးတာ၊ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲဖို့၊ Non-CDM တွေအပေါ် အရေးယူဖို့ဆိုတဲ့ မူဝါဒ ၄ ရပ်ကို ချမှတ်ထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ နစ်နာချက်တွေကို အသွင်ကူးပြောင်းရေးကာလက စတင်ပြီး အမှန်တရားနဲ့ တရားမျှတမှုတွေ ရှာဖွေပြန်လည်ကုစားပေးနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မူဝါဒစာတမ်းကို ရေးဆွဲထားပြီး ဒါဟာ အချိန်ကိုက်ပေါ်ထွက်လာတာဖြစ်တယ်လို့ အခြေခံပညာ၊ ပညာရေးဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီ (BEGSC) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆရာနောင်ချိုက ပြောပါတယ်။

“လက်တွေ့မှာ CDM/Non CDM ကိစ္စဟာ လက်ရှိမြေပြင်မှာ ကြီးမားတဲ့ ပြဿနာတချို့ ရှိနေပါတယ်။ ဒါကြောင့် အခုချိန်မှာ မူဝါဒအဖြစ်ထွက်ပေါ်လာတဲ့အတွက် မူဝါဒအပေါ် အခြေခံပြီး ဆုံးဖြတ်ဆောင်ရွက်လို့ရသွားပါတယ်။ အဲဒါအပြင် တော်လှန်ရေးအလွန် ကာလ အသွင်ကူးပြောင်းရေးကာလအတွက်ပါ ထည့်သွင်းရေးဆွဲထားတာဖြစ်လို့ ကာလနှစ်ခုလုံးအတွက် အသုံးဝင်မယ့် မူဝါဒဖြစ်ပါတယ်” လို့ ပြောပါတယ်။

မူဝါဒဟာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတာတွေ့ရတဲ့အတွက် ကြိုက်တယ်လို့ သူက ဆိုပြီး နောက်ထပ် ပေါ်လစီမူဝါဒတွေလိုအပ်သေးတယ်လို့ ဆက်ပြောပါတယ်။

“CDM လှုပ်ရှားမှုဟာ ကျယ်ပြန့်ပြီး မတူညီတဲ့ သဘောသဘာဝတွေရှိတဲ့အတွက် ဆက်ပြီး ကျောင်းသား CDM policy၊ ပုဂ္ဂလိက ဝန်ထမ်း CDM policy နဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေနဲ့ဆိုင်တဲ့ CDM policy စသည်ဖြင့် ပေါ်ထွက်လာဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာက လူထုဘက်ကရပ်တည်တဲ့ အစုအဖွဲ့တွေအတွက် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် CDM policy တွေဟာ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း CDM နဲ့ ပတ်သက်ပြီး ကတိကဝတ်တွေထည့်ပေးဖို့၊ သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာလည်း ထည့်သွင်းပေးဖို့ မူဝါဒမှာ ဖော်ပြရေးဆွဲထားသလို Non-CDM ဝန်ထမ်းတွေကိုတော့ တယောက်ချင်းအလိုက် ပြုမူခဲ့တာတွေပေါ်မူတည်ပြီး ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တွေချမှတ်ဖို့၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ အထက် အရာရှိတွေကို ဝန်ထမ်းအဖြစ်က ထုတ်ပစ်တာ စတဲ့ ပြစ်ဒဏ်တွေပေးဖို့လည်း ရေးဆွဲထားပါတယ်။

ဒါပေမဲ့ အယူခံနဲ့ အလုပ်ပြန်လုပ်လို့ရတယ်ဆိုတဲ့အချက်လည်း ပါဝင်နေလို့ CDM မလုပ်သူတွေအပေါ် ဒါထက်ပို ထိရောက်တဲ့ပြစ်ဒဏ်တွေပေးဖို့ မျှော်လင့်တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

Kachin Gender Star Group ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်နန်းပူကတော့ CDM လုပ်ပြီး   ဆင်းရဲဒုက္ခခံအနစ်နာခံတဲ့သူတွေကို လေးစားပြီး CDM လုပ်တဲ့ မဟာဗျူဟာနဲ့ ရည်ရွယ်ချက်ကလည်းကောင်းပေမယ့် စစ်ကောင်စီရဲ့လည်ပတ်မှုရပ်တန့်ဖို့ အကြမ်း မဖက်တဲ့နည်းလမ်းဆိုတဲ့ မဟာဗျူဟာနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြန်သုံးသပ်ပြီးမှ ဒီမူဝါဒကို ရေးဆွဲသင့်တယ်လို မြင်ကြောင်း ပြောပါတယ်။

“Non-CDM တွေက ဘာကြောင့် လုပ်တာလဲဆိုတာကိုရောသုံးသပ်ပြီးမှ ဒီမူဝါဒကို ရေးခဲ့တာလား။ ဟုတ်ပါတယ်၊ တချို့ကတော့ Non-CDM တွေလုပ်ပြီး စကစ သက်ဆိုးရှည်အောင်လုပ်နေတာဖြစ်တယ်။ သို့သော် နှစ်ပေါင်းများစွာ စကစ (မြန်မာ့တပ်မတော်) ရဲ့ ဖိနှိပ်မှုအောင်မှာနေနေရတဲ့ ‌တိုင်းရင်းသားဒေသက ပြည်သူတွေ၊ စကစ မျက်စိဒေါက်ထောင်ကြည့်နေတဲ့ ပြည်သူဝန်ထမ်းများအများစုက အခြေခံ လူတန်းစားတွေ ဖြစ်တယ်။ သက်ကြီးရွယ်အိုမိဘတွေရှိတယ်။ လူမမယ်ကလေးငယ်တွေ ရှိတယ်။ မှီခိုနေကြသူတွေရှိကြတယ်။ အခြေအနေ အမျိုးမျိုးကြောင့် Non-CDM  လုပ်ကြတဲ့သူတွေ အများကြီးရှိပါတယ်။  မတူညီတဲ့ အခက်အခဲအမျိုးမျိုးကြားမှာ သူတို့မှာ လူသားဖြစ်လို့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။  Non-CDM လုပ်ဖို့ ရွေးချယ်တာသူတို့ အခွင့်အ‌ရေးပဲဖြစ်တယ်။  တဖက်ပိတ်နဲ့  သူတို့ကို စကစ ထောက်ပံ့သူလို့ Blame လုပ်ခွင့်မရှိပါဘူး လို့မြင်ပါတယ်” လို့ ပြောပါတယ်။

ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနက ဝန်ထမ်းတွေနဲ့ အထက်အရာရှိတွေလောက်ပဲ CDM လုပ်တာတွေ့ရပြီး စစ်ကောင်စီကို တကယ်‌ထောက်ပံ့နေတဲ့ ဌာနက အရာရှိ အကြီးအကဲပိုင်းနဲ့ ဝန်ထမ်းတွေကိုတော့ CDM လုပ်အောင် မစည်းရုံးနိုင်ခဲ့ဘူးဆိုတာ ကိုတွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ပညာရေးဌာနရဲ့ တက်ကြွလှုပ်ရှားသူတယောက်ကတော့ ဌာနမှာ ဝန်ထမ်း ၅ သိန်းဝန်းကျင်ရှိနေပြီး ၂ သိန်းကျော်ပဲ CDM လုပ်ထားတယ်လို့ တွက်ချက်ပြောဆိုပါတယ်။

ဒေါ်နန်းပူက “Non-CDM တွေကို အရေးယူမယ်ဆိုရင် သူတို့ရဲ့ အခွင့်အရေးကို လုံလောက်တဲ့ ကာကွယ်ပေးမှုပြုလုပ်ပေးပြီးမှ ဒီမူဝါဒကိုရေးသားအတည်ပြု ဖော်ဆောင်သင့်ပါတယ်။ ကျမပြောချင်တာက တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ကိုပြောချင်တာပါ” လို့ ဆက်ပြောပါတယ်။

ဒီမူဝါဒဟာ JCC – CDM က ရေးသားပြုစုထားတဲ့အဆင့်မှာပဲ ရှိသေးပြီး အတည်ပြုတဲ့ မူဝါဒဖြစ်ဖို့တော့ လိုနေသေးတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013