Home
မြန်မာသတင်း
မင်းတပ်တွင် စစ်ကောင်စီက ၅ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
January 23, 2023

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ချင်းပြည်နယ်မှာ မြို့တွေကိုထိန်းချုပ်ပြီး CDF တွေကို ရိက္ခာနဲ့ဆက်သွယ်ရေးဖြတ်တောက်တဲ့နည်းလမ်းကို စစ်ကောင်စီတပ်က ကျင့်သုံးနေပါတယ်။ 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာ ရဲစခန်းဟောင်းနေရာကို ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဂျက်လေယာဉ်တစ်စီးက ဗုံး ၂ လုံးကြဲခဲ့တာကြောင့် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ပြင်းထန်ဒဏ်ရာတွေရခဲ့ပေမယ့် အသက်သေဆုံးနိုင်လောက်တဲ့အထိတော့ မဆိုးရွားဘူးလို့ မင်းတပ် ပအဖ တာဝန်ရှိသူကပြောပါတယ်။ 

ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာလည်း  လေကြောင်းကနေတိုက်ခိုက်တာတွေရှိခဲ့ပြီး အခုတကြိမ်နဲ့ဆိုရင် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ ၅ ကြိမ်အထိ ရှိလာတာဖြစ်ပါတယ်။

မင်းတပ် ပအဖ ပြောခွင့်ရှိသူ ကိုယောမန်က "၈ရက်နေ့မှာ တကြိမ်၊ ၉ ရက်နေ့မှာ တကြိမ် ဗုံးကြဲသွားတယ်။ မနေ့က တကြိမ်ပြန်ကြဲတယ်။ လေကြောင်းဗုံးကြဲတာ စွန်တောင်ကျေးရွာနားပေါ့ အဲ့ဒီနားကို ဗုံးကြဲတာ။ တပ်ရင်းတပ်ဖွဲ့တွေကလည်း တကယ်တော့လည်း အဲ့ဒီမှာ ရှိတော့ရှိပါတယ်။ တော်လှန်ရေးမဖြစ်ခင်ကတော့ ရဲစခန်းပေါ့လေ။ တော်လှန်ရေးဖြစ်လာတော့ ရဲတွေက စခန်းစွန့်သွားတာပေါ့။ လူငယ်တချို့ဝင်နေကြတာ။ လေယာဉ်တစီးပဲ ညကြီး မဲမဲမှောင်မှောင်ကြီးဘာမှ မမြင်ရဘူး။ လေယာဉ်တစီး ဗုံး ၂ လုံး အဲ့လိုကြဲသွားတယ်။ လေယာဉ်ကြဲတာက ၅ ကြိမ်မြောက် လေယာဉ်ဗုံးကြဲတာပေါ့။ ဗုံးကြဲတုန်းကတော့ ၁၅ ဦးကျော်ဒဏ်ရာရတယ်၊ ၃ ဦးသေဆုံးတယ်။ နောက်ပိုင်းဗုံးကြဲတာမှာ ထိခိုက်ဒဏ်ရာရတာ မနေ့ညကဆိုရင် ၂ ဦးပေါ့ နည်းနည်းတော့ ဒဏ်ရာပြင်းထန်တယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ အဲ့ဒီလိုမျိုးဒဏ်ရာရတာလောက်ပဲရှိတယ် ထိခိုက်ကျဆုံးတော့မရှိတော့ဘူး။"

စစ်ကောင်စီက မင်းတပ်မြို့ကို ထိန်းချုပ်ထားပြီး မြို့ကနေမခွာဘဲ တောထဲမှာရှိနေတဲ့ CDF တွေရိက္ခာနဲ့ အဆက်အသွယ်ပြတ်တောက်အောင်ပြုလုပ်နေပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားတာကြောင့် CDF တွေဟာ တမြို့နဲ့တမြို့အခြေအနေတောင် သတင်းအတိအကျမသိရဘူးလို့ ဆိုပါတယ်။ 

စစ်ကိုင်း- ကလေး- ချင်းပြည်နယ်စပ်လမ်းကိုလည်း စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးတာ၊ အကြမ်းဖက်ဖမ်းဆီးတာတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့ CDF တွေကို ဖြတ် ၄ ဖြတ်စနစ် ကျင့်သုံးနေပါတယ်လို့ ကိုယောမန်က ပြောပါတယ်။

"ဒီနေ့ နေ့လယ်ကြတော့ မင်းတပ်မြို့ပေါ်ကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ စစ်ကြောင်းတွေ နည်းနည်းပါးပါးပေါ့ နယ်တွေဘက်ကို ထိုးချင်သလိုလိုနဲ့ လာတော့လာတယ် နယ်ထိရောက်အောင်စစ်ကြောင်းက မထိုးဘူးပေါ့။ မြို့ပြင်ခဏထွက်လာတယ်၊ ပြီးတော့ နယ်တွေဘက်ကိုဆင်းမလာဘဲနဲ့ မြို့ထဲပြန်ဝင်သွားတယ်။ အဲ့လိုမျိုးတွေတော့ရှိနေတာပေါ့။ မြို့ကိုပဲကိုင်ထားမယ်။ နယ်တွေမှာ ဘာပဲဖြစ်ဖြစ်လွှတ်ထားမယ်ပေါ့နော်။ ကြိုးရှည်ရှည်လှန်ထားမယ်ပေါ့လေ။ ခြေကုန်လက်ပန်းကျလာတဲ့အထိ ခက်ခဲလာတဲ့အထိ ညှဉ်းတယ်ပေါ့။ ရေရှည်ရိက္ခာကို ညှဉ်းဖြတ်မယ်၊ ဖြတ်လေးဖြတ်နဲ့ အဆက်အသွယ် ရိက္ခာ အထောက်အပံ့ စသဖြင့် အားလုံးကိုဖြတ်ပြီးမှ တော်လှန်ရေးကို သင်းသတ်တဲ့ ဗျူဟာပဲပြောရမှာပေါ့။ မင်းဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ အဲ့လိုမျိုးပေါ့။ မင်းတပ် CDF ကလည်း တခုခုလုပ်ပြပါလိမ့်မယ်။ ပြည်သူတွေအားကိုးစရာ ယုံကြည်စရာ မျှော်လင့်စရာတခုခု ပြန်ဖြစ်ပြပါလိမ့်မယ်။ အားလုံးဝိုင်းဝန်းကူညီကြဖို့ ပံ့ပိုးကြဖို့ပြောချင်ပါတယ်။"

စစ်ကောင်စီက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ခြိမ်းခြောက်ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီမှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေရှိနေသလို ဇန်နဝါရီ ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့တွေတုန်းက ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့အနီးက ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကိုလည်း ၂ ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

စစ်ကောင်စီရဲ့တိုင်းရင်းသားတွေအပေါ်ပြုမူဆောင်ရွက်ချက်ဟာ တိုင်းရင်းသားတွေစိတ်ထဲမှာ လူမျိုးရေးအရ ပါထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်တယောက်ကပြောပါတယ်။

ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဝင် ဆလိုင်းအိုက်ဇက်ခင်က "စစ်ရေးနည်းနဲ့ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ ဒါဟာ နိုင်ငံရေးနည်းအရ ဘယ်လိုမှအဖြေမထွက်နိုင်ဘူးဆိုတာ သိရမှာပေါ့နော်။ ချင်းပြည်နယ်မှ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံအနှံ့အပြားမှာ လေကြောင်းပစ်ခတ်တိုက်ခိုက်တဲ့ကိစ္စ ဒီလိုနဲ့စစ်ရေးအရ ဖိအားပေးပြီး တိုက်ခိုက်တဲ့ကိစ္စဟာ ဘယ်လိုနည်းနဲ့မှ နိုင်ငံရေးအဖြေမထွက်နိုင်ဘူး။ တိုင်းပြည်အတွက်ပိုပိုပြီးတော့ နစ်မွန်းစေမယ်၊ သူတို့အတွက်လည်းပိုပြီးတော့ ထွက်ပေါက်ပိတ်စေတယ်ပေါ့နော်။"

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၀၀ နီးပါးအထိ ရှိခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှု ၂၀၀ ကျော်ရှိခဲ့ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်ခဲ့ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်မြေထိန်းချုပ်ထားတဲ့ ကရင်နီ၊ ကရင်၊ ရခိုင်၊ ကချင်နဲ့ချင်းပြည်နယ်တွေသာမက အရပ်သားတွေအဓိကနေထိုင်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024