DVB Logo
Home
မြန်မာသတင်း
လူငယ် ၀န်ကြီးဌာနဖွဲ့ရန် အစိုးရက စီစဉ်နေ
DVB
·
May 29, 2014
လူငယ် ၀န်ကြီးဌာနဖွဲ့ရန် အစိုးရက စီစဉ်နေ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ လူငယ်ကဏ္ဍမြှင့်တင်ဖို့အတွက် လူငယ်ရေးရာဝန်ကြီးဌာနတခု ဖွဲ့စည်း တည်ထောင်သွားဖို့ အစိုးရက စီစဉ်နေတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မေလ ၂၉ ရက်နေ့ မနက်က ရန်ကုန်မြို့ SKY STAR ဟိုတယ်မှာ ကျင်းပတဲ့ နိုင်ငံရေး ပါတီတွေမှာ လူငယ်များပါဝင်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ လာရောက် ပြောကြားလိုက်တာပါ။

ဦးစိုးသိန်းက “နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ ကဏ္ဍအလိုက်ရှိပါတယ်။ တချို့ကတော့ ပညာရေးကဏ္ဍမှာ ၀ိုင်းဝန်းကူညီတဲ့သူတွေ ရှိတယ်။ တချို့ကတော့ ကျန်းမာရေးကဏ္ဍမှာ ကူညီတာလည်း ရှိပါတယ်။ လူမှုအဖွဲ့အစည်းမှာလည်း ကူညီနေတာတွေ ရှိပါတယ်။ တဖက်မှာလည်း နိုင်ငံရေးကဏ္ဍ ကနေပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီကြဖို့လိုပါတယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီ အသီးသီးက လူငယ်ကိုယ်စားလှယ်တွေ အများအပြား တက်ရောက်ပြီး လူငယ်နဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လူငယ်တွေ ပိုပြီးပါဝင်လာကြပေမယ့် နိုင်ငံရေးစနစ်မှာတော့ ပါဝင်ဖို့ အခွင့်အလမ်းနည်းသေးတယ် လို့ နိုင်ငံရေးပါတီဝင်လူငယ်တွေက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် ကိုစိုင်းကျော်သူလင်းက “အခုလတ်တလော ကျနော်မြင်တာကတော့ အရင်ကထက်စာရင်တော့ လူငယ်တွေက တက်တက်ကြွကြွပါဝင်လာပါတယ်။ ဒါပေမယ့် အခွင့်အလမ်းတွေ နည်းပါးသေးတယ်လို့ မြင်တယ်။ အရင်ကတော့ လူကြီးတွေက လမ်းမဖွင့်ပေးတာတို့ ပေါ့နော်။ လူငယ်တွေကို ယုံကြည်မှုနည်းတာတို့ အဲဒီလိုမျိုးရှိတဲ့အခါ လူကြီးတွေက လူငယ်တွေကို ယုံကြည်မှု နည်းပါးတဲ့ အခါကျတော့ အလုပ်အခွင့်အရေးမပေးတာတို့ ဆုံးဖြတ်ချက်ချရင်လည်း လူကြီးတွေရဲ့ အမြင်ကို ချပြရမယ့်အပိုင်းလေးတွေပေါ့နော် အဲဒီလိုမျိုးမြင်တယ်။” လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဗဟိုလူငယ် ကိုမင်းဟိန်းကလည်း လူငယ်တွေအတွက် အခွင့်အလမ်းနည်းပါးတဲ့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“လူငယ်တွေရဲ့ ကဏ္ဍက အခွင့်အလမ်းတွေ မရှိသေးဘူးလို့ ထင်တယ်။ လက်ရှိ အနေအထားက အချိန်နည်းနည်း ပေးရမယ်။ လက်ချိုးရေလို့တယ်။ လူငယ်တွေ အခွင့်အလမ်းအတွက်က မြန်မာတနိုင်ငံလုံးနဲ့စာရင် လိုသေးတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုတော့ တိုင်းပြည် အပြောင်းအလဲက သိပ်မကြာသေးဘူး။ နောက်တချက်က ကျနော်တို့ ပြည်သူတွေရဲ့ ပညာရေး အားနည်းခဲ့တာကိုး၊ အဲဒါတွေကြောင့်လို့ မြင်တယ်။”

လက်ရှိမှာတော့ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးပါတီတွေမှာ ပါဝင်တာကို အစိုးရက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်တဲ့ Innovative အဖွဲ့က ကိုမျိုးဇော်အောင်ကတော့ ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုအပေါ် ကန့်သတ်ချက်တွေကို အခုလို ပြောပါတယ်။

“အကန့်အသတ်တွေတော့ အများကြီးရှိတယ်။ လက်ရှိ ကျောင်းသားတွေမှာ တချို့က ကျောင်းသားအဖွဲ့တွေ ဇွတ်ဖွဲ့ကြရတယ်။ ဒါပေမယ့် တချို့ကျောင်းအာဏာပိုင်တွေ ခွင့်မပြုတာလည်း ရှိတယ်။ တချို့ ကျောင်းအာဏာပိုင်တွေက ဘာမှမပြောဘူး၊ မသိချင်ယောင် ဆောင်နေပေးတယ်။ ဒါပေမယ့် ကျောင်းအာဏာပိုင်တွေအနေနဲ့ ခင်ဗျားတို့ ကျောင်းသားအဖွဲ့တွေ ဖွဲ့ကြပါဆိုတဲ့ အားပေးအားမြှောက်မှုတွေတော့ မရှိဘူးပေါ့။”

မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက မရင်ရင်ကြီးကလည်း မိဘတွေရဲ့ ရှေးရိုးစွဲ အယူ အဆတွေကြောင့်လည်း နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်ဖို့ အခွင့်အလမ်းနည်းတာပါလို့ ပြောပါတယ်။

အခုလို နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက နိုင်ငံရေးပါတီ ၄၀ ကျော်က လူငယ်တွေ ၂ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
[gallery ids="57489,57490,57491,57492,57493"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013