
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းတခုတိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ကန်နီကျေးရွာရှိ ပျူစောထီးစခန်းကို မနေ့ နေ့လယ်ပိုင်း၊ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှု အတွင်းမှာ ကန်နီရွာက ပျူစောထီး အောင်ဆန်းဆိုသူ သေဆုံးပြီး ၂ယောက် အပြင်းထန်ဒဏ်ရာရရှိကာ တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုင်ခိုက်မှုဟာ ဗဟင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ လေကြောင်းကနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတယောက် သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ မြိုင်ပ.က.ဖ တပ်ရင်း (၁)(၂)၊ ပခုက္ကူခရိုင် တပ်ရင်း(၂)(၇)၊ ဒေါင်းနက်တပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပါဝင်ခဲ့ပြီး ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အလစ်ငိုက် စောင့်ကြည့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ ဇန်နဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့ဘက်ကနေ ကမ္မမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီဖောကား ၆ စီးကို မိုင်းပွိုင့် ၃ ခုနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၁၁ ယောက်သေဆုံးပြီး ၈ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီစစ်သားတွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို လူနာတင်ယာဥ်တွေနဲ့ သယ်သွားတယ်လို့ သိရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့နယ် ကောင်းဆက်ဝိုင် ပန့်ဆီဆိုင်နဲ့ ကန်တော် ရွာကြားမှာလည်း ဇန်နဝါရီလ ၂၀ ရက် ည ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သား ၅ ယောက်နဲ့ ပျူစောထီးတယောက် လိုက်ပါလာတဲ့ အိမ်စီးကားအဖြူတစီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သည် ၄ ယောက်နဲ့ ပျူ တယောက်သေဆုံးခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
ကျန်တဲ့ စစ်ကောင်စီတပ်သားတယောက်ဟာ နေရာယူချိန်ရသွားပြီး ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် ဘုန်းကန်ရွာ ပျူစောထီးစခန်းဘက်က လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့လို့ လက်နက်ကြီးပြောင်းကွဲကာ စစ်သားတယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ပေါက်မြို့နယ်မှာလည်း ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေဂိတ် ၂ ခုကို ဗိုလ်တစ္ဆေအဖွဲ့နဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။