Home
မြန်မာသတင်း
MoU ပတ်စ်ပို့ ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သဖြင့် တရားမဝင်နယ်စပ်သွားရောက်မှု ပိုတိုးလာနိုင်
DVB
·
January 21, 2023

မြန်မာနိုင်ငံမှာ MoU စနစ်နဲ့ ပြည်ပကို တရားဝင် သွားရောက် လုပ်ကိုင်မယ့် ရွှေ့ပြောင်း လုပ်သားတွေအတွက် ပတ်စ်ပို့ လုပ်ပေးမှု ရပ်ဆိုင်းလိုက်တာကြောင့် နယ်စပ်ကနေ တရားမဝင် သွားရောက်မှု ပိုတိုးလာနိုင်တယ်လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပတ်စ်ပို့ရုံးတွေကို ဇန်နဝါရီ ၂ ရက်နေ့က ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီးနောက် MoU လုပ်သားတွေအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနတို့က Green Channel နဲ့ သီးသန့်ပတ်စ်ပို့ လုပ်ဆောင်မှုကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထပ်မံ ရပ်ဆိုင်းလိုက်တာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က "နှစ်နိုင်ငံ အစိုးရတွေ သဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီး လုပ်နေတဲ့ Process ကြီးကို အခုလို အဟန့်အတားတွေ ဖြစ်သွားမယ်ဆိုရင် အလုပ်အကိုင်လည်း လုံးဝ မရှိ၊ ဝင်ငွေလည်း လုံးဝ မရှိတဲ့သူတွေက မထူးတော့ဘူးကွာဆိုတဲ့ စိတ်တွေထားပြီးတော့ စွန့်စွန့်စားစားနဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာမှာကို အလွန်အမင်း စိုးရိမ်မိပါတယ်။ နယ်စပ်ဖြတ်ကျော် တံတားတွေ ပြန်ဖွင့်လိုက်တာကြောင့် ကျနော်တို့ ပထမ မျှော်မှန်းထားတာက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ လုံးဝ မပပျောက်သွားသော်လည်း အတန်အသင့်တော့ လျော့ကျသွားမယ်လို့ မျှော်မှန်းထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

"အခုလို အခြေအနေအရ ပြည်ပကိုထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အလုပ်သမားတွေလည်း ဒီစာအုပ်ကြောင့် ကြန့်ကြာသွားမယ်ဆိုရင် ဟိုဘက်ကို လုပ်သားတွေက ပိုမို အာရုံစိုက်မှာ ကျနော်တို့ စိတ်ပူနေပါတယ်။ နေ့စဉ်တော့ ဝင်လာနေမှာပဲ။ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းမှ မရှိတာကိုး။ ဝင်ငွေတွေကလည်း ထိုက်သင့်တဲ့ ဝင်ငွေ မဖြစ်တဲ့အတွက် စားဝတ်နေရေးအဆင်ပြေတဲ့ ရေကြည်ရာမြက်နုရာကို သွားနေမှာဖြစ်တဲ့အတွက် တရားမဝင်တဲ့အဆင့်ကတော့ ပုံမှန်အတိုင်း ဆက်ရှိနေဦးမှာပါပဲ"လို့ MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကိုထွက် အလုပ်လုပ်ကိုင်သူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းဒေသ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားသလို ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာလည်း ပတ်စ်ပို့ သက်တမ်းတိုးတာတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်ပေးမှုကြောင့် ထိုင်းရောက် မြန်မာ လုပ်သားတွေ အခက်အခဲကြုံနေရသလို ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးကိုလည်း ဇန်နဝါရီ ၄ ရက်က ယာယီ ပိတ်ထားခဲ့ပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "ဒီလို ပိတ်လိုက်တဲ့အခါကျ မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာ လာပြီး အသက်မွေးဝမ်းကျောင်း လုပ်ချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အခက်အခဲ အကျပ်အတည်း အကြီးကြီး ဖြစ်သွားတာပေါ့။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပိုတိုးလာနိုင်တယ်။ ပြောမယ်ဆို စစ်အုပ်စုက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲ။ ဖွင့်ထားတဲ့ ပတ်စ်ပို့ရုံးတွေ ပိတ်လိုက်တယ်။ လူငယ်တွေရဲ့ ရေခြားမြေခြားမှာ စွန့်စား သွားလာလိုတဲ့ စိတ်ဓာတ်တွေ တခါတည်း ရိုက်ချိုးလိုက်တာပဲ။ လူတန်းစားပေါင်းစုံ ပြည်သူလူထုတွေ ဒုက္ခရောက်လေ သူတို့ကြိုက်လေပဲ။ တရားဝင် မရရင် တရားမဝင် လာမှာပဲ။ အိမ်ပေါင်၊ ခြံပေါင်၊ လယ်ပေါင် အတိုးကြီးကြီးနဲ့ ချေးငှားပြီး ထိုင်းနိုင်ငံလာဖို့ လုပ်ရတာ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းကို တရားမဝင် နယ်စပ်ကနေ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၁၀ ခုမက ရှိနေပြီး ဝင်ရောက်မှု အများဆုံးက မြဝတီ-မဲဆောက် လမ်းကြောင်း၊ တနင်္သာရီနယ်စပ် ပရကျူပ်ခီရီခန်၊ မွန်ပြည်နယ် နယ်စပ် ကန်ချနပူရီ၊ ရှမ်းပြည်အရှေ့ပိုင်းနယ်စပ် ချင်းရိုင် လမ်းကြောင်းနဲ့ ကယားပြည် နယ်စပ် မယ်ဟောင်ဆောင်စတဲ့ လမ်းကြောင်းပေါင်းစုံက ဝင်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံကနေ တရားဝင် MoU လမ်းကြောင်းနဲ့ လာရောက်လိုတဲ့ အလုပ်သမား အချို့ဟာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ တင်ထားပြီး၊ ပတ်စ်ပို့ ပြုလုပ်နေဆဲ အခြေအနေမှာ အခုလို ပတ်စ်ပို့ ရုံးတွေ ပိတ်လိုက်တာကြောင့် အလုပ်အကိုင် စောင့်ဆိုင်းရမှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပါတယ်။

မြန်မာလုပ်သားတဦးက "ပတ်စ်ပို့ လုပ်လို့ မရသေးဘူး။ အလုပ်သမားတွေက စာရွက်စာတမ်း တင်ထားတယ်။ အခု ပတ်စ်ပို့ရုံး ပိတ်ထားတော့ အခက်အခဲရှိတယ်။ ပိုပြီးတော့ ဦးစားပေးချင်တာ အလုပ်သမားတွေပေါ့။ အလုပ်သမားတွေက ပိုက်ဆံ အများကြီး ပေးပြီးတော့ ပတ်စ်ပို့ရုံး တင်ထား၊ အခုကျ ပတ်စ်ပို့လည်း မရသေးဘူး။ အလုပ်လည်း မရသေး မြန်မာပြည်မှာပဲ ခံနေတာလေ။ အရမ်းအခက်အခဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ နေတော့လည်း စားဝတ်နေရေးအတွက် ဘာမှ အဆင်မပြေလို့ အရင်းနှီးထုတ်ပြီး ဒီဘက်ကူးချင်တာ။ ပတ်စ်ပို့ရုံး ပိတ်ထားတော့ ဟိုမရောက် ဒီမရောက် ဖြစ်ကုန်တာပေါ့။ မြန်မာပြည်မှာနေတော့လည်း အလုပ်မရှိဘူးလေ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ပေါင်း ၄၆၄၀၀ ကျော်ရှိခဲ့ပြီး၊ တရားမဝင် လမ်းကြောင်းကနေ လာရောက်ချိန် မတော်တဆမှုတွေကနေ တစ်နှစ်အတွင်း သေဆုံး သူ ၁၆ ဦး၊ ဒဏ်ရာရသူ ၁၅၃ ဦးရှိခဲ့တယ်လို့  မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမို များပြားလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လက်ရှိ အလုပ်လုပ်ကိုင်နေသူ အရေအတွက် ၅ သန်း နီးပါးရှိနေပြီလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024