Home
မြန်မာသတင်း
ကသာမြို့နယ်၌တိုက်ပွဲပြင်းထန်၊ စစ်တပ်က နေအိမ် ၅၀ ခန့်ကို မီးရှို့ပြီး ရွာသားများကို ပစ်သတ်
DVB
·
January 21, 2023

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ  တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး  လူနေအိမ် အလုံး ၅၀ လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို  ရွာသား ၄ ယောက်ကို ပစ်သတ်ကာ မီးလောင်နေတဲ့ အိမ်ထဲမှာအလောင်းတွေကို မီးရှို့ခဲ့တယ်လို့ ကသာ ပ.က.ဖ အဖွဲ့ထံက သိရပါတယ်။

မနေ့ကအလယ်ကျွန်းနဲ့ ပျဉ်ထောင်လေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားရာမှာ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ အလယ်ကျွန်းရွာထဲဝင်လာပြီးရွာကို မီးရှို့ခဲ့တယ်လို့ ကသာ ပ.က.ဖ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“မနက် ၉ နာရီလောက်မှာ အလယ်ကျွန်းရွာထဲကို ဝင်လာပြီးတော့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေအပါ နေအိမ် ၅၀ လောက်ကို မီးရှို့တယ်၊ ပြည်သူ ၄ ဦးကိုလည်း ပစ်သတ်ပြီးတော့ အိမ်မီးရှို့တဲ့ အထဲကိုထည့်ပြီး မီးရှို့ထားခဲ့တယ်၊ အဲကနေထွက်တဲ့ အချိန် တပ်ရင်း ၃ နဲ့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်တော့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်တယ်၊ အဲကနေ ဆိတ်မူရွာကိုရောက်လာပြီးတော့ ပြည်သူ ၇ ဦးကိုလည်း  ကြိုးတုပ်ဖမ်းထားတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကနေ ၂၀ ရက်အထိ မိုးတားကျေးရွာနားနဲ့ အလယ်ကျွန်း-ပျဉ်ထောင်လေးကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတာပါ။

ဇန်နဝါရီ ၁၈ ရက် မနက်မှာတော့ မိုးတားလေးရွာနဲ့ ချောင်းဝရွာအကြားတောတွင်းတနေရာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ မိုးတားလေးကျေးရွာကို လေကြောင်းကနေပစ်ခတ်တိုက်ခိုက် မီးလောင်ဗုံးတွေပါကြဲချခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့  ပြည်သူ ၈ ဦးသေဆုံးပြီး ၃၀ ထက်မနည်းဒဏ်ရာရခဲ့ကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ပါတယ်။

ကသာ ပ.က.ဖ တာဝန်ခံက “အဲဒီနေ့က မိုးတားကို လေယာဉ်နဲ့သုံးကြိမ်လာပြီး ဗုံးကြဲတယ်၊ ဟတ်စကီးနဲ့လည်း စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ၄ ကြိမ်လာချသွားတယ်၊ တိုက်ပွဲအခြေအနေက တနေကုန်ပဲဖြစ်နေတယ်၊ ပစ်လိုက်နားလိုက်ပဲ၊ ညနေ ၃ နာရီခွဲလောက်မှာ  ဂျက်ဖိုက်တာနဲ့နောက်ဆုံးလာပစ်တော့ ကျနော်တို့ ဆုတ်ပေးလိုက်တယ်။”လိုပြောပါတယ်။ 

နောက်ဆုံးအကြိမ် လာရောက်ဗုံးကြဲချိန်မှာတော့ မိုးတားရွာ တိုက်ကုန်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အများအပြား မီးလောင်တာကို အဝေးကနေမြင်နေရတယ်လို့ ဆိုပါတယ်။

ကျေးရွာနေပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် နေအိမ်အရေအတွက် ဘယ်လောက် မီးလောင်ကျွမ်းသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကသာမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့ ပြည်သူ စုစုပေါင်း ၁၄ ယောက်အထိ ရှိလာခဲ့ပါတယ်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း အရာရှိအပါအဝင် တပ်သားတွေအများအပြား သေဆုံးမှုရှိနိုင်ပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အလယ်ကျွန်းရွာဘက်မှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကသာ PDF တပ်ရင်း ၃ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နေတာဖြစ်ပြီး မိုးတားရွာဘက်မှာဖြစ်တဲ့ တိုက်ပွဲမှာတော့ ABSDF၊ မြို့လှ KPDF၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KIA တပ်သားတွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေလည်း အင်အားတိုးချဲ့ထားပြီး နှစ်ဖက်ဆိုင်ထားတဲ့ အခြေအနေ ဖြစ်တာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ရှေးတန်းတာဝန်ရှိသူတွေကနေ သိရပါတယ်။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ဖို့ စစ်ကောင်စီကကြိုးစားတာကို  PDF တွေက ခုခံတာကြောင့် လေကြောင်းတိုက်ခိုက်မှုလုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့တောင်ဘက်၊ မြောက်ဘက်နဲ့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနေရာတွေမှာ ဇန်နဝါရီ ၁၅ ရက်လောက်ကစပြီး  စစ်ကောင်စီက စစ်ကြောင်း ၃ ခုထိုးကာ လူဦးရေစာရင်းကောက်ဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

ကသာ PDF ခေါင်းဆောင်တဦးက "ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ဖို့ကြိုးစားဖို့အတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးတော့ အုပ်ချုပ်ရေးနယ်မြေခြေကုပ်ယူဖို့လာကြိုးစားတာပါ။ ကျနော်တို့ကလည်း ဒီဘက်မှာ ထိန်းချုပ်ထားနိုင်ပြီဖြစ်နေတဲ့ ဒေသတွေဖြစ်တဲ့အခါကြတော့ ထိတွေ့မှုတွေကစပြီပေါ့နော်။ အခုထိတွေ့မှုကတော့ ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီးတော့ ပိုပြင်းထန်လာမယ်လို့ မြင်ပါတယ်။ စစ်ကောင်စီအနေနဲ့ကလည်း မြေပြင်စစ်ကြောင်းထိုးမှုအ တိုင်းအတာမှာ ဘယ်လိုမှအားမသာဘူး။ ဒေသကာကွယ်ရေးတပ်တွေဘက်ကအားသာတယ်။ အဲ့ဒီတော့ လေကြောင်းပစ်ကူခေါ်ပြီးအကြမ်းဖက်ဖြိုခွဲတာတွေ ကျေးရွာတွေကိုမီးရှို့ပြီးတော့ ပြည်သူကို ကြောက်အောင် လုပ်တာတွေ၊ ဒီလိုတွေတောာ့ သူတို့ဆက်တိုက်လုပ်လာတာကတော့ စစ်ကိုင်းတတိုင်းလုံးနီးပါးပေါ့နော်။ ကျနော်တို့ မြို့နယ်အပါအဝင်ပေါ့။ ပြောချင်တာကတော့ ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုဟာ ပိုများလာတာပါ။"

စစ်ကောင်စီဟာ လတ်တလောမှာ စစ်ကိုင်း-ချင်းနယ်စပ်နဲ့ စစ်ကိုင်း-ကချင်နယ်စပ်မြို့နယ်တွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ လူဦးရေနဲ့မဲစာရင်းကောက်ယူရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် နယ်မြေထိန်းချုပ်ရေးအတွက် ရည်ရွယ်နေတာလို့  စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက  သုံးသပ်ပါတယ်။

"ဘယ်သူပဲ ဘာတွေပဲပြောနေပါစေ၊ အကြမ်းဖက်စစ်တပ်ကတော့ သူလုပ်စရာရှိတဲ့ကိစ္စကို တရစ်ချင်း တရစ်ချင်း သူတိုးတိုးပြီးလုပ်သွားတာကို တွေ့ရတယ်ဗျာ။ လောလောဆယ်မှာတော့ သူ့ရဲ့အနီးကပ်ဆုံးရည်မှန်းချက်ကတော့ ရွေးကောက်ပွဲအောင်မြင်ရေးပေါ့၊ အဲ့ဒါကိုပဲသူအာရုံထား လုပ်ဆောင်နေတာ တွေ့ရတယ်။ သူသတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကာလ မရောက်ခင်ကြားထဲမှာတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သူအာရုံစိုက်ပြီးလုပ်မှာပဲ။ မြေပြင်မှာ ခုခံတော်လှန်နေတဲ့အဖွဲ့တွေကို ချေလို့ရတဲ့အဖွဲဆိုချေမယ်။ ချေလို့မရတဲ့အဖွဲ့ဆို ညှိမယ်လို့ ယူဆတယ်ဗျာ။ ကျနော်တို့ စစ်ကိုင်းတိုင်းကတော့ သူချေလို့ရမယ်လို့ စဉ်းစားတဲ့အထဲမှာ ပါပုံရတယ်။ အဲ့ဒါကြောင့်မို့ ရွာစဉ်လှည့်ပြီးတော့ ပိုက်စိပ်တိုက်ပြီးတော့ မီးလောင်ပြင်ဖြစ်အောင် အကြောက်တရား သွတ်သွင်းပြီးတော့ မီးရှို့၊ လူသတ်၊ မုဒိန်းကျင့်ဆိုတာတွေ ဆက်တိုက်လုပ်နေတယ်။ ကျနော်တို့စစ်ကိုင်းတိုင်းအနေနဲ့ကတော့ သူတို့သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကာလ မရောက်မချင်း ဒီကြားကာလမှာကတော့ စစ်ရေးအရှိန် အရမ်းမြင့်တက်နေမယ့် ကာလလို့ သုံးသပ်တယ်ဗျာ။"

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နိုးဆော်နေသလို နိုင်ငံတဝန်း ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024