DVB Logo
Home
မြန်မာသတင်း
ငပလီညစာစားပွဲ၌ မီးရှုးမီးပန်းပစ်ဖောက်မှုကြောင့် ဒေသခံများ ထိတ်လန့်
DVB
·
January 21, 2023
ငပလီညစာစားပွဲ၌ မီးရှုးမီးပန်းပစ်ဖောက်မှုကြောင့် ဒေသခံများ ထိတ်လန့်
1 / 15
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီ Jasmine hotel ကနေ  ဇန်နဝါရီ ၂ဝ ရက် မနေ့ ည ၉ နာရီ အချိန်လောက်မှာ ပစ်ဖောက်တဲ့ မီးရှူးမီးပန်းအသံကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ ထိုင်းစစ်ဦးစီးချုပ်နဲ့အဖွဲ့ကို  မြန်မာ စစ်ကောင်စီခေါင်းဆောင်က ဂုဏ်ပြုညစာ စားပွဲနဲ့ ဧည့်ခံပြီးနောက်  မီးရှူးမီးပန်းတွေ ကောင်းကင်ယံကို ပစ်ဖောက်ခဲ့တာ ဖြစ်ပါတယ်။

ငပလီဒေသခံ တဦးက "ညအချိန်ဆိုတော  အတော်လေးလန့်သွားကြတာပေါ့။ ဒီမှာလည်း စစ်ခေါင်းဆောင်တွေ ရောက်နေတယ်ဆိုတော့ ဗုံးပေါက်တာလား။ မိုင်းပေါက်တာလား။ တိုက်ပွဲလားဆိုပြီး ပြည်သူတွေ ထွက်ပြေးဖို့ ပြင်သူ ပြင်နေကြတာ။ အသံကလည်း ညဆိုတော့ တအားကျယ်တာ။ အလင်းရောင်ကလည်း ကောင်းကင် တခုလုံး လင်းထိန်နေတာ။ ပထမတော့ အကုန်လုံး လန့်ဖျပ်ကုန်တယ်။ နောက်မှ ညစာစားပွဲက မီးပန်းတွေ ပစ်ဖောက်တာလို့ သိရတာ”လို့ ပြောပါတယ်။

မီးရှုးမီးပန်းပစ်ဖောက်တဲ့ အသံတွေကို သံတွဲမြို့ပေါ်နေသူ အများစု မကြားခဲ့ရပေမယ့် ငပလီအနီးနားက ကျေးရွာတော်တော်များများကနေ ကြားခဲ့ရတာပါ။

သံတွဲမြို့ခံတဦးကလည်း “ညဘက်ကြီး ဟိုက ဒီက မိတ်ဆွေတွေဆီက ဖုန်းတွေဝင်လာပြီး အသံတွေကြားရလား ဆိုတော့ ဘာမှမကြားဘူးပေါ့။ ကိုယ်ကသာမကြားတာ၊ နယ်ဘက်တွေ တော်တော်များများကြားရတယ် ပြောလာတော့ စိုးရိမ်သွားတာပေါ့။ တချို့ကလည်း အမြောက်စမ်းတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ဒါကြောင့် လမ်းပေါ်ထွက်ကြည့်ရှုခဲ့ပေမယ့် ဘာမှမတွေ့ရဘဲ တခြားနီးစပ်ရာ မိတ်ဆွေတွေဆီ ဖုန်းဆက်စုံစမ်းခဲ့ရ တယ်လို့ သူက ဆိုပါတယ်။

သံတွဲမြို့နယ်က ကျေးရွာတခုမှာနေသူတယောက်ကတော့ “တအုန်းအုန်းနဲ့ အသံကြားတော့ ဟိုကောင်တွေပွဲကို လာဆော်ပြီထင်တာပေါ့။ တချို့ဆို အထုပ်တွေ ဘာတွေတောင်ပြင်လိုက်တာ။ ကိုယ်နဲ့ကတော့ အဝေးကြီးပေါ့။ ဒါပေမဲ့ မကြုံဖူးကြတော့လည်း အများစုက စိုးရိမ်ကြတယ်။ ဘာဖြစ်မှန်းကိုလည်း ဘယ်သူကမှ တိတိကျကျမပြောနိုင်ဘူးလေ” လို့ ပြောပါတယ်။

ငပလီမှာ ရောက်ရှိနေတဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီး ချာလမ်ဖွန်စရီဆာဝပ်ဒီ ဦးဆောင်တဲ့အဖွဲ့ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ညမှာ  ငပလီ Jasmine hotel ဟိုတယ်မှာ  ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့တာဖြစ်ပါတယ်။

(၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်ကြား အဆင့်မြင့်အရာရှိ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၃ ရက်ကြာ လက်ခံကျင်းပခဲ့ပြီး အစည်းအဝေး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ညစာစားပွဲအပြီး မီးရှူးမီးပန်းတွေ  ဂုဏ်ပြု ပစ်ဖောက်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013